ဩဂုတ်၊ ၂၀
အစ္စရေးရဲ့ တဲလ်အဗစ်ဗ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုဟာ သူတို့လက်ချက်လို့ ဂါဇာကမ်းမြှောင် အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က အတည်ပြုခဲ့ပါတယ်။
ဩဂုတ် ၁၈ ရက်နေ့ ညပိုင်းက တဲလ်အဗစ်ဗ်မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ဗုံးသမား သေဆုံးခဲ့သလို လမ်းသွားလမ်းလာ တဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။ နောက်တနေ့မှာတော့ အစ္စရေးက အဲဒီ ပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တခုလို့ ကြေညာခဲ့ပြီး ဗုံးသမားဟာ ရည်မှန်းထားတဲ့ နေရာဆီ မရောက်ခင် ပေါက်ကွဲမှုနဲ့ ကြုံခဲ့တာ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ဟားမားစ်အဖွဲ့က အဲဒီ အသေခံ ဗုံးသမားကို တဲလ်အဗစ်ဗ်ဆီ စေလွှတ်ခဲ့တယ်ဆိုတာ သီးခြား အတည်ပြုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို မဟာမိတ် လက်နက်ကိုင် အင်အားစု တခုဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်နဲ့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့တယ်လို့လည်း ဟားမားစ်တွေက ဆိုပါတယ်။
လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ကျောပိုးအိတ် အကြီးတလုံးကို လွယ်ထားတဲ့ အမျိုးသားဟာ လမ်းပေါ်မှာ လျှောက်နေရင်း ထပေါက်ကွဲခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ပစ်မှတ်ဟာ အနီးမှာ ရှိနေတဲ့ ဂျူးဘုရားကျောင်းတခု ဖြစ်နိုင်တယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။
အစ္စရေးနဲ့ ဟားမားစ်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် တွန်းအားပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကိုယ်တိုင် အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိနေချိန်မှာ အခုကိစ္စ ထွက်ပေါ်လာတာပါ။
ဟားမားစ်တွေရဲ့ တိုက်ခိုက်ရေး ယူနစ်တခုဖြစ်တဲ့ အယ်လ်ကာဆမ် တပ်မဟာက တဲလ်အဗစ်ဗ်မှာ စစ်ဆင်ရေး ဆောင်ရွက်ရင်း အာဇာနည် တဦး အသက်ပေးသွားခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေး ထိန်းချုပ်ထားရာ နောက်ထပ် ပါလက်စတိုင်း နယ်မြေတွေမှာပါ အလားတူ စစ်ဆင်ရေးတွေ ရှိလာနိုင်တယ်လို့လည်း အယ်လ်ကာဆမ် တပ်မဟာက သတိပေးထားခဲ့ပါတယ်။
ဘလင်ကန်ဟာ ဂါဇာမှာ စစ်ပွဲစတင် ဖြစ်ပွားလာချိန် ကတည်းက အရှေ့အလယ်ပိုင်း ဒေသကို ၉ ကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပါတယ်။ သူက အမေရိကန် အဆိုပြုတဲ့ အပစ်ရပ် သဘောတူညီချက် မူကြမ်းကို အစ္စရေးဖက်က ကနဦး လက်ခံထားတဲ့အတွက် ဟားမားစ်တွေကိုလည်း အလားတူ ရွေးချယ်စေလိုတယ်လို့လည်း တိုက်တွန်း ပြောဆိုထားပါတယ်။
Ref: Fox