သူက ဟားရစ်ထက် ပိုကြည့်ကောင်းတယ်လို့ ထရမ့်ပြော

ဩဂုတ်၊ ၁၉

သူက ရွေးကောက်ပွဲပြိုင်ဘက် ကာမာလာ ဟားရစ်ထက် အများကြီး ပိုကြည့်ကောင်းတဲ့သူ ဖြစ်တယ်လို့ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ထိပ်တိုက်တွေ့ကြမယ့် ပြိုင်ဘက်နှစ်ဦးဟာ မူဝါဒရေးရာအရ အပြန်အလှန် ထိုးနှက်မှုတွေ ရှိနေကြပေမယ့် နောက်ပိုင်းမှာတော့ ထရမ့်ဟာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် လက်ရှိ ဒုတိယ သမ္မတ ဟားရစ်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ပိုပြီး အရှိန်မြှင့်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ပင်ဆယ်လ်ဗေးနီးယားက ဝီလ်ကက်စ်ဘာရီမြို့မှာ ကျင်းပတဲ့ မဲဆွယ် ဟောပြောပွဲမှာ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ခဲခြစ် ပန်းချီ တခုနဲ့ ပတ်သက်လို့ ထရမ့်က အခုလို ပြောကြားခဲ့တာပါ။ ဟားရစ်ရဲ့ ပုံကို ရေးဆွဲထားရာမှာ အဲဒီပန်းချီက တော်တော်လေး ကျက်သရေရှိပြီး တင့်တယ်နေကြောင်း၊ တကယ်တမ်းကျတော့ သူဟာ ဟားရစ်ထက် အများကြီး ပိုကြည့်ကောင်းကြောင်း ထရမ့်က မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Time မဂ္ဂဇင်းဟာ ဟားရစ်ရဲ့ ဓာတ်ပုံ အစစ်အမှန်တောင် ရှိပုံမရဘဲ အင်မတန်တော်တဲ့ ပန်းချီဆရာ တယောက်ကို ဟားရစ်ရဲ့ ပုံတူအတွက် စိတ်ကူးယဉ် ရေးဆွဲစေခဲ့ပုံ ရတယ်လို့လည်း ထရမ့်က လှောင်ပြောင်သွားပါတယ်။

ဒါမှမဟုတ်ရင်လည်း ဟားရစ်ရဲ့ လှလှပပ ဓာတ်ပုံဆိုတာ တခုမှ မရှိလို့ Time မဂ္ဂဇင်းက ခဲခြစ် ပန်းချီဆရာ တယောက်ကို ငှားရမ်းခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ထရမ့်က ထိုးနှက်သွားခဲ့ပါတယ်။

သူဟာ ဝီလ်ကက်စ်ဘာရီက မဲဆွယ်ဟောပြောမှုမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုတိယ သမ္မတ ဟားရစ်တို့ကို ငတုံးငအတွေလို့ သုံးနှုန်းခဲ့သလို ရွေးကောက်ပွဲမှာ ဟားရစ်ရဲ့ ဒုတိယ သမ္မတလောင်း အနေနဲ့ ယှဉ်ပြိုင်မယ့် တင်ဝေါ့လ်ဇ်ကိုလည်း လူပြက်တယောက်လို့ ပြောကြားသွားပါတယ်။

ထရမ့်က သူသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အဓိက ဦးစားပေး ရည်မှန်းချက် တခုအဖြစ် စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား စရိတ်တွေကို လက်ရှိထက် အနည်းဆုံး ထက်ဝက် လျှော့ချနိုင်စေဖို့ ရည်ရွယ်ထားကြောင်းလည်း ထောက်ခံသူတွေကို ကတိပြုခဲ့ပါတယ်။

ကိုယ်တိုင်က စီးပွားရေး လုပ်ငန်းရှင် ဘီလီယံနာ သူဌေးတဦးဖြစ်တဲ့ ထရမ့်ဟာ ဟားရစ်ကို စီးပွားရေး မူဝါဒတွေနဲ့ ပတ်သက်ရင် အဓိက ဖိနှိပ် ထိုးနှက်လေ့ရှိပြီး ဘိုင်ဒန် လက်ထက်မှာလိုပဲ ငွေကြေး ဖောင်းပွမှု ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်သူ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။

Ref: USA Today