အာဖရိကကို သွားမယ့်သူတွေ မျောက်ကျောက် ကာကွယ်ဆေး ထိုးသင့်တယ်လို့ ဥရောပ CDC တိုက်တွန်း

ဩဂုတ် ၊ ၁၇

အာဖရိကတိုက်ကို မဖြစ်မနေ ခရီးသွားရမယ့် သူတွေဟာ မျောက်ကျောက် ကာကွယ်ဆေး ကြိုထိုးသွားသင့်တယ်လို့ ဥရောပ သမဂ္ဂ လက်အောက်ခံ ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (ECDC)က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အာဖရိကတိုက်မှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ မျောက်ကျောက် ရောဂါဟာ ဥရောပ သမဂ္ဂ (EU)အဖွဲ့ဝင် ဆွီဒင်နိုင်ငံမှာ မျောက်ကျောက် ကူးစက်ခံထားရတဲ့ လူနာတဦးကို ပထမဆုံး တွေ့ရှိခဲ့တဲ့နောက် ECDCက အခု ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဟာ အခုသီတင်းပတ်ထဲမှာ မျောက်ကျောက်ရောဂါကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ တရပ်အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒါဟာ ၂ နှစ်အတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် မျောက်ကျောက်ကို ကမ္ဘာ့ကျန်းမာရေး သတိပေးချက် စံနှုန်းတွေထဲမှာ အမြင့်ဆုံးအဖြစ် ကြေညာခြင်းလည်း ဖြစ်ခဲ့ပါတယ်။

ECDC ကတော့ WHOရဲ့ အရေးပေါ် အခြေအနေ ကြေညာချက် ထွက်ပေါ်ထားတဲ့တိုင်အောင် မျောက်ကျောက်က အာဖရိက ပြင်ပမှာ အလုံးအရင်း ပျံ့နှံ့သွားဖို့ ဖြစ်နိုင်ခြေ နည်းပါးနေဆဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။ အဲဒီအစား အာဖရိကတိုက်ကို ကိုယ်တိုင် သွားရောက်ရမယ့် အခြေအနေ ရှိသူတွေကတော့ ကာကွယ်ဆေး ထိုးသွားသင့်တယ်လို့ ECDCက အကြံပြုခဲ့ပါတယ်။

ကျောက်ရောဂါ အစုအဖွဲ့ထဲမှာ အကျုံးဝင်ပြီး ရောဂါလက္ခဏာတွေ ပြင်းထန်တဲ့ အခြေအနေဆိုရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ မျောက်ကျောက် ရောဂါဟာ အနီးကပ် ထိတွေ့မှုတွေ၊ ရောဂါပိုး ကပ်ငြိနေရာ ပစ္စည်းတွေကို ထိကိုင်မှုတွေကနေတဆင့် ကူးစက်တတ်ပါတယ်။

အခုအခါ ပါကစ္စတန်မှာလည်း မျောက်ကျောက် လူနာတဦး တွေ့ရှိပြီး ဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း ကွန်ဂိုနိုင်ငံမှာ လူပေါင်း သောင်းနဲ့ချီ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ ၄၅၀ လောက် ရှိခဲ့သလို အိမ်နီးချင်း နိုင်ငံတွေဆီမှာလည်း ရောဂါပျံ့နှံ့ ဖြစ်ပွားမှုတွေ တွေ့နေရတယ်လို့ သိရှိရပါတယ်။

Ref: Euro News