ရုရှားလေတပ်စခန်း လေးခုကို ဒရုန်းတွေ အသုံးပြုပြီး ယူကရိန်းတိုက်ခိုက်

ဩဂုတ်၊ ၁၅

ရုရှားရဲ့ လေတပ်စခန်း ၄ ခုကို တာဝေးပစ် ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ဩဂုတ် ၁၃ ရက် သန်းခေါင်ဝန်းကျင်ကနေ ဩဂုတ် ၁၄ ရက် မနက်အစောပိုင်းထိ အတောအတွင်း စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးကျယ်ဆုံး ဒရုန်းစစ်ဆင်ရေးကြီး တခုကို အကောင်အထည်ဖော် ဆင်နွှဲခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကြေညာခဲ့ပါတယ်။

အဲဒီ ဒရုန်းစစ်ဆင်ရေးတွေဟာ ပစ်မှတ်ကို အချိန်ကိုက် တိတိကျကျ ထိခိုက်စေခဲ့တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ယူကရိန်း သမ္မတက မထုတ်ပြန်ခဲ့ပါဘူး။

ယူကရိန်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေဟာ ဗိုရွန်နက်ဇ်ချ်၊ ကက်စ်နဲ့ နစ်ဇ်နီ နိုဗာဂိုရော့ဒ် ဒေသတွေထဲမှာရှိတဲ့ ခါလီနို၊ ဆာဗက်စ်လယ်ခါ၊ ဘိုရစ်ဆိုဂလက်ဘ်စ်ခ်နဲ့ ဘာလ်တီမို လေတပ်စခန်းတွေလို့ သိရပါတယ်။

ရုရှားဖက်ကတော့ ယူကရိန်းရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ရုရှားစစ်တပ်ဟာ ထိခိုက်မှု ပမာဏ ဘယ်လောက် များပြားသလဲ ဆိုတာကို စစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ယူကရိန်း စစ်ဘက် ထိပ်တန်း အရာရှိ တဦးကတော့ ရုရှားက ယူကရိန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းဟာ အခုစစ်ဆင်ရေးဒဏ်ကြောင့် သိသိသာသာ ထိခိုက် အားလျော့သွားနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ခပ်တိုတို ထုတ်ပြန်ချက်မှာတော့ ကက်စ်အပါအဝင် တချို့ဒေသတွေမှာ ယူကရိန်းရဲ့ ဒရုန်း ၁၁၇ စီးနဲ့ ဒုံးကျည် ၄ စင်းကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းရဲ့ စစ်ရေးဗျူဟာက ရုရှားရဲ့ ထိုးစစ်ကို ခုခံနေရုံသက်သက် မဟုတ်ဘဲ ထိထိရောက်ရောက် တန်ပြန်ထိုးနှက်မှုတွေကို ရွေးချယ်လာတာ တွေ့ရပါတယ်။

အခုဆိုရင် ရုရှားပိုင် ကက်စ်ဒေသထဲကို ယူကရိန်းတပ်တွေ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေပြီး စတုရန်း ကီလိုမီတာ ၁၀၀၀ ကျော်လောက် မြေပြင်ဧရိယာကိုပါ ထိန်းချုပ်ထားပြီလို့ ဆိုပါတယ်။ ယူကရိန်းရဲ့ အငိုက်ဖမ်း ထိုးစစ်ကြောင့် ရုရှားဟာ အတော်လေး အခက်ကြုံခဲ့ပြီး အခုအခါ ကက်စ်အပြင် အနီးမှာရှိတဲ့ ဘယ်ဂိုရော့ ဒေသမှာပါ စစ်ရေး အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ထားရပါတယ်။

Ref: Guardian