ဩဂုတ် ၊ ၁၀
သူ့ရဲ့ မိခင်ဟာ ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာသွားဖို့ ဆန္ဒမရှိခဲ့ကြောင်း ပြည်ပကို ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ သားက ပြောပါတယ်။
အမေရိကန်မှာ အခြေချ နေထိုင်တဲ့ ဆာဂျိဘ် ဝါဇက် ဂျွိုင်းက အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟာ နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် အခြေခိုင်လာတဲ့ တနေ့ကျရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားဖို့ ဆန္ဒရှိနေတယ်လို့လည်း ပြောပါတယ်။ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ပြင်းပြင်းထန်ထန် ဆန္ဒပြလာတဲ့ လူထုအုံကြွမှုတွေကြောင့် အခုသီတင်းပတ် အစောပိုင်းမှာ ပြည်ပကို ထွက်ပြေးသွားချိန် ကတည်းက ဟာဆီနာဟာ လူမြင်ကွင်းရှေ့ လုံးဝ ထွက်မလာဘဲ ပျောက်ကွယ်နေပါတယ်။
သူဟာ အိန္ဒိယနိုင်ငံမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး သားဖြစ်သူ ဂျွိုင်းကပဲ ဟာဆီနာရဲ့ကိုယ်စား သဘောထား မှတ်ချက်တွေ ပေးသလို ဖြစ်နေပါတယ်။ အစောပိုင်းမှာ သူကိုယ်တိုင်က ဟာဆီနာဟာ ဇာတိနိုင်ငံ မပြန်ဖြစ်လောက်တော့ဘူးလို့ ဂျွိုင်းက မှတ်ချက် ပေးခဲ့ပေမယ့် နောက်တော့ စကားကို ပြန်ပြင်ပြောခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်လောက်အတွင်း ကြီးကြီးမားမား အလှည့်အပြောင်းတွေ ဖြစ်ခဲ့ကြောင်း၊ သူ့မိခင်ရဲ့ ပါတီဖြစ်တဲ့ အေဝါမီ အဖွဲ့ချုပ်အတွက် အလုပ်လုပ်ပေးနေသူတွေ၊ ခေါင်းဆောင်တွေကို နိုင်ငံအနှံ့မှာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေကြောင်း၊ ဒီလူတွေကို သူ့မိခင်က ပစ်မထားရက်ကြောင်း ဂျွိုင်းက ဆိုပါတယ်။
သူက လက်ရှိမှာ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်နေတဲ့ ကြားကာလ အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပဖို့ အချိန်ကာလ သတ်မှတ်လိုက်ပြီဆိုရင် သူ့မိခင်ဟာ ပါတီကို ဦးဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားဖွယ် ရှိတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေ အလိုကျ တင်မြှောက်ထားတဲ့ ကြားကာလ အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ လုံးဝ မညီညွတ်ကြောင်း သူက ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ပြီး သူ့မိခင်ကသာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရွေးကောက်ခံ ခေါင်းဆောင် အစစ်အမှန် ဖြစ်နေဆဲလို့လည်း ပြောကြားသွားပါတယ်။
အေဝါမီ အဖွဲ့ချုပ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးမားဆုံးနဲ့ သက်တမ်းအရင့်ဆုံး နိုင်ငံရေး ပါတီတခုဖြစ်ကြောင်း၊ ကိုယ့်လူတွေကို ပစ်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် သူ့မိခင်ဟာ ပြည်တွင်းမှာ ဒီမိုကရေစီ ပြန်လည် တည်ဆောက်နိုင်ပြီ ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားမှာ သေချာကြောင်း ဂျွိုင်းက မှတ်ချက်ပေးသွားပါတယ်။
Ref: Hindu