Photo – အညာမြေတပ်ပေါင်းစု
ဩဂုတ်၊ ၉
မကွေးတိုင်း မြိုင်မြို့နယ်ထဲက စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲတဲ့ စခန်းသုံးခုကို အခုလဆန်းပိုင်း တပတ်တာ ကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် တောင်ပိုင်းက စစ်အုပ်စု အထိုင်စခန်းချထားတဲ့ စက်ရေတွင်းစခန်း၊ကိုင်းတောမရွာနယ်မြေရဲစခန်းနဲ့ ဝက်ပုတ်ရွာပျူစောထီးစခန်းတို့ကို အခုလ ၃ရက် ၇ရက်နဲ့၈ရက်တို့မှာ ဆက်တိုက် သိမ်းပိုက်ခဲ့တာပါ။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဆယ်ဦးလောက်သေဆုံးပြီး ဒဏ်ရာရသူ တဒါဇင်ကျော် ထက်မနည်းရှိကာ ခြောက်ဦးကိုတော့ အရှင်ဖမ်းမိတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အလားတူ တော်လှန်ရေးတပ်တွေဘက်ကလည်း တပတ်အတွင်းစခန်းသိမ်းတိုက်ပွဲတွေမှာ လေးဦးကျဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ ၁၃လက်၊ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တချို့ ဖုန်း ၁၅လုံး အပါအဝင် အသုံးအဆောင်တွေသိမ်းဆည်းရရှိခဲ့တယ်လို့ အဲ့ဒီတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အ ညာမြေတပ်ပေါင်းစု တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရသိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်အုပ်စုစခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတဲ့ကာလအတွင်း စစ်ကောင်စီကလည်း ပေါက်မြို့နယ် အရှေ့တောင်ပိုင်းနဲ့ မြိုင်မြို့နယ် အနောက်တောင်ပိုင်းဒေသကျေးရွာတွေကို MI-35၊ဂျက်ဖိုက်တာတို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်ဘေးရှောင်တွေနေထိုင်တဲ့ ပေါက်မြို့နယ် ရွာသစ်စုကျေးရွာ ဘုန်း တော်ကြီးကျောင်းလည်း ဗုံးကြဲခံခဲ့ရတာကြောင့် သက်တော် သုံးဆယ်ရှိ သံဃာတပါးပျံလွန်ခဲ့ကာ အသက် လေး နှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ဒေသခံ ၁၅ဦးလောက် ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့ကပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်က တပတ်အတွင်းသိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းသုံးခုဟာ ပေါက်၊ပခုက္ကူနဲ့ မြိုင်မြို့နယ် သုံးခုထိစပ်ဒေသမှာ ရှိတာဖြစ်ပြီး ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ ၁၇ဖွဲ့လောက် စုပေါင်းတိုက်ခိုက်သိမ်းပိုက် ခဲ့ကြတာဖြစ်ပါတယ်။