ဟားမားစ် ခေါင်းဆောင်သစ်ကို အပြတ်ရှင်းမယ်လို့ အစ္စရေး စစ်တပ် ခြိမ်းခြောက်

ဩဂုတ်၊ ၈

အသစ်တင်မြှောက်လိုက်တဲ့ ဟားမားစ် ခေါင်းဆောင်ကို သေချာပေါက် အပြတ်ရှင်းမယ်လို့ အစ္စရေးစစ်တပ် (IDF)က တင်းတင်းမာမာ ပြောကြားလိုက်ပါတယ်။

မကြာသေးခင်က အီရန်နိုင်ငံမှာ ဟားမားစ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံခံခဲ့ရတဲ့နောက် ဟားမားစ်ရဲ့ ကွဲပြားတဲ့ အစုအဖွဲ့ ခေါင်းဆောင်တွေ အသီးသီး ဆွေးနွေးပြီး ယာရာဆင်ဝါကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ခဲ့ပါတယ်။

ဆင်ဝါဟာ ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ရှိနေတဲ့ ဟားမားစ် စစ်ရေးလှုပ်ရှားမှုတွေကို အဓိက ကွပ်ကဲနေသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အစ္စရေး ပိုင်နက်ထဲ ဟားမားစ်တွေ ကျူးကျော်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်၊ ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်မှာ အဓိက ကြိုးကိုင်သူလို့ အစ္စရေးက စွပ်စွဲထားပါတယ်။

ဟာနီယာ သေဆုံးသွားပြီးတဲ့နောက် ဟားမားစ် တဖွဲ့လုံးရဲ့ ခေါင်းဆောင်ရာထူးအတွက် ဆင်ဝါကို အခုသီတင်းပတ်ထဲမှာ ခန့်အပ်လိုက်တဲ့နောက် IDFက ခါးသီးရန်သူတော်ကြီးကို သေချာပေါက် အပြတ်ရှင်းမယ်လို့ ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးဟာ ဟာနီယာရဲ့ လုပ်ကြံမှုကိုလည်း ကျူးလွန်ခဲ့တယ်လို့ အီရန်က စွပ်စွဲထားပေမယ့် အဲဒီကိစ္စကိုတော့ အစ္စရေးဖက်က ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

IDFရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ နောက်တန်း သေနာပတိ ဒန်နီရယ် ဟာဂါရီက ဆင်ဝါအတွက် စီစဉ်ပေးထားတဲ့ နေရာတခုရှိကြောင်း၊ အဲဒါကတော့ မိုဟာမက် ဒီးဖ်အပါအဝင် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး ပိုင်နက်ကို ကျူးကျော်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ ဘေးမှာ လှဲလျောင်းနေဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီးဖ်ဟာ ဆင်ဝါရဲ့ ညာလက်ရုံး ဟားမားစ် စစ်ဦးစီးဖြစ်ပြီး ဇူလိုင်လတုန်းက လေကြောင်းတိုက်ခိုက်မှု တခုထဲမှာ ရှင်းလင်းသုတ်သင် ခံလိုက်ရပြီလို့ အစ္စရေးက ကြေညာထားပါတယ်။ ဟာဂါရီရဲ့ စကားဟာ ဆင်ဝါလည်း ဒီးဖ်လို ကံကြမ္မာမျိုး ကြုံရမယ်လို့ အတိအလင်း ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်လာပါတယ်။

ဆင်ဝါဟာ အကြမ်းဖက်သမား တဦးသာဖြစ်ကြောင်း၊ သမိုင်းကြောင်းတလျှောက် အဆိုးဆုံးနဲ့ အရက်စက်ဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီး တခုကို အောက်တိုဘာ ၇ ရက်နေ့မှာ ကျူးလွန်ခဲ့တာဖြစ်ကြောင်းလည်း ဟာဂါရီက စွပ်စွဲသွားပါတယ်။

ဟားမားစ် အဖွဲ့ခွဲ တချို့ရဲ့ ခေါင်းဆောင်ပိုင်းကတော့ ဆင်ဝါကို ခေါင်းဆောင်တင်မြှောက်မှုဟာ ဟားမားစ် အနေနဲ့ အစ္စရေးရဲ့ ရန်လိုမှုတွေကို တင်းတင်းမာမာ ဖီဆန်ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြသမှုအဖြစ် ရည်ညွှန်းခဲ့ကြပါတယ်။ ဆင်ဝါဟာ အစ္စရေး အစိုးရရဲ့ နံပါတ်တစ် အလိုအရှိဆုံး ရန်သူအဖြစ်လည်း ရပ်တည်နေပြီး ဟားမားစ် ခေါင်းဆောင်ပိုင်းတွေထဲမှာ သဘောထား အတင်းမာဆုံး ပုဂ္ဂိုလ်တဦးလို့လည်း လူသိများပါတယ်။

Ref: Fox