ဩဂုတ်၊ ၈
အမေရိကန်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးလို့ လူသိများသူဟာ တရုတ်ရဲ့ သူလျှိုတဦးဖြစ်ကြောင်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
တရုတ်ဇာတိ အမေရိကန် နိုင်ငံသား ရှုကျင်ဝမ်ဟာ မျက်နှာနှစ်ခုနဲ့ နေထိုင်သူ ဖြစ်တယ်ဆိုတာ ဩဂုတ် ၆ ရက်နေ့၊ နယူးယောက်မြို့ ဖက်ဒရယ် တရားရုံးရဲ့ တပတ်ကြာ ကြားနာမှုအပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဝမ်ဟာ နိုင်ငံခြား တိုင်းပြည် တခုအတွက် သူလျှိုအဖြစ် ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၄ ခုအတွက် အပြစ်ရှိတယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။
ဝမ်ဟာ တရုတ်ရဲ့ အဓိက ထောက်လှမ်းရေး အေဂျင်စီလို့ သတ်မှတ်နိုင်တဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနအတွက် သူလျှိုအဖြစ် အလုပ်လုပ်ပေးနေတာ ဆယ်စုနှစ် တခုလောက် ကြာမြင့်ခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ အမှုစစ်တွေက ပြောပါတယ်။ သူဟာ သူလျှိုမှုအတွက် ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၂၅ နှစ်ထိ ကျခံရနိုင်ပါတယ်။
ဝမ်ဟာ သူနေထိုင်တဲ့ အသိုက်အဝန်းကြားမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးအဖြစ် နေထိုင်ရင်း တဖက်မှာတော့ တရုတ် အစိုးရကို ဆန့်ကျင်ရင်း အမေရိကန်မှာ လာရောက် အခြေချနေသူတွေရဲ့ အချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးတွေဆီ ပေးပို့နေခဲ့တယ်လို့ ဆိုပါတယ်။
ထောက်လှမ်းရေး ပညာရှင်တွေကတော့ အဲဒီ နည်းလမ်းမျိုးဟာ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ အသုံးတွင်ကျယ်လာတဲ့ သူလျှို လုပ်ထုံးလုပ်နည်း တခုလို့ ပြောကြားခဲ့ပါတယ်။
ဝမ်ဟာ သူကိုယ်တိုင်က တရုတ်အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ တဦးအဖြစ် ရပ်တည်ခဲ့ပြီး နောက်ကွယ်မှာတော့ တကယ်တမ်း တရုတ် အစိုးရကို ဆန့်ကျင်သူတွေရဲ့ အချက်အလက်တွေကို စုဆောင်း စုံစမ်းနေခဲ့တာလို့ တရားရုံးက ဆိုပါတယ်။ ဝမ်ဟာ သူ့အပေါ် ယုံကြည်လေးစားသူတွေအပေါ် အနီးကပ် သစ္စာဖောက်ခဲ့တယ်လို့လည်း တရားရုံးက စွပ်စွဲခဲ့ပါတယ်။
သူ့အတွက် ပြစ်ဒဏ် စီရင်ချက်ကိုတော့ နောက်ထပ်ရုံးချိန်းမှ ဆုံးဖြတ်ဖွယ် ရှိပါတယ်။ ဝမ်ဟာ ၁၉၉၄ ခုနှစ်မှာ နယူးယောက်ကို ပညာရေး ဝန်ထမ်း တဦးအဖြစ် အသက်မွေးဖို့ ရောက်ရှိလာပါတယ်။ သူဟာ တရုတ်တက္ကသိုလ် တခုမှာလည်း ကထိက တာဝန် ယူခဲ့ဖူးသူပါ။ နောက်တော့ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့ပြီး ကွင်းစ်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့အစည်း တချို့နဲ့လည်း ပူးပေါင်း အလုပ်လုပ်ခဲ့ပါတယ်။
သူဟာ တရုတ်သူလျှိုတွေနဲ့ အဆက်အသွယ်လုပ်တဲ့ အီးမေးလ်တွေမှာ နို့ထွက်ပစ္စည်းတွေအကြောင်း ပြောဆိုတာမျိုး ခေါင်းစဉ်တပ်လေ့ ရှိခဲ့ပါတယ်။ သူက အဲဒီ အီးလ်မေးလ်တွေကို ရေးပြီးရင် တဖက်ကို ပေးပို့တာမျိုး မလုပ်ဘဲ draftအနေနဲ့ ချန်ထားခဲ့ပြီး တဖက်က အဆက်အသွယ် လုပ်မယ့်သူက Log in လုပ်ပြီး ဖတ်လို့ရအောင် စီစဉ်ခဲ့လေ့ ရှိကြောင်း တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။
ဝမ်အပေါ် စွဲချက်တင် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကတော့ လောလောဆယ် မှတ်ချက်ပေး တုံ့ပြန်မှု မရှိသေးဘူးလို့ သိရပါတယ်။
Ref: ABC