တောင်ကိုရီးယားနဲ့ နယ်စပ်မှာ ဒုံးကျည်လက်နက် စနစ်တွေ ဖြန့်ကျက်မှုကို ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်

ဩဂုတ် ၊ ၅

တောင်ပိုင်း နယ်စပ်တွေဆီ ဒုံးကျည် လက်နက်စနစ်တွေ ရွှေ့ပြောင်း ဖြန့်ကျက်နေကြောင်းနဲ့ အဲဒီ အစီအမံကို နိုင်ငံခေါင်းဆောင်ကြီး ကင်ဂျုံအန်းကိုယ်တိုင် ကြီးမှူးနေကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

ကင်ဟာ ရွေ့လျားနိုင်တဲ့ ဒုံးကျည်ပစ်စင် ၂၅၀ လောက်ကို တောင်ကိုရီးယားနဲ့ ထိစပ်ရာ နယ်စပ်တလျှောက် စေလွှတ်ပြီး နေရာချနေတာကို ကိုယ်တိုင် ကြီးမှူးစောင့်ကြည့်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာတွေက ဩဂုတ် ၅ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ နောက်ပြီး အဲဒီ လက်နက် စနစ်တွေဟာ မြောက်ကိုရီးယားအတွက် အဖိုးတန်ပြီး အစွမ်းထက်တဲ့ ဓားတွေနဲ့ တူတယ်လို့ ညွှန်းဆိုထားခဲ့ပါတယ်။

အသစ်တည်ဆောက်ထားတဲ့ မဟာဗျူဟာမြောက် ပဲ့ထိန်း ဒုံးကျည် လက်နက်စနစ် ၂၅၀ ကို ရှေ့တန်းဧရိယာတွေဆီ ဖြန့်ကျက်ထားရာ တပ်တွေဆီ အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဆိုပါတယ်။

အဲဒီ စနစ်တွေမှာ တပ်ဆင်ပစ်ခတ်နိုင်မယ့် ဒုံးကျည်တွေဟာ ခေတ်နဲ့အညီ အဆင့်မြှင့် မွမ်းမံထားတဲ့ မဟာဗျူဟာ တိုက်ခိုက်ရေး လက်နက်တွေ ဖြစ်တယ်လို့လည်း KCNAက ဖော်ပြသွားပါတယ်။ ကင်က အခမ်းအနား မိန့်ခွန်းထဲမှာ ဒုံးကျည်တွေရဲ့ ဒီဇိုင်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့တယ်လို့ပါ ထည့်ပြောသွားတယ်လို့ သိရပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ နှစ်အတော်များများအတွင်း အဆိုးဆုံး အပိုင်းအခြားမျိုးထိ ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြောက်ကိုရီးယားဟာ တောင်ကိုရီးယားဖက်ကို အမှိုက်ထုပ်တွေ ချိတ်ဆွဲထားတဲ့ ဓာတ်ငွေ့ မိုးပျံပူဖောင်းတွေ ရာနဲ့ချီ စေလွှတ်ပြီး အနှောင့်အယှက် ပေးခဲ့ပါတယ်။

တောင်ကိုရီးယားကလည်း နယ်စပ်တလျှောက်မှာ အသံအား ကောင်းလှတဲ့ လော်စပီကာ အသံချဲ့စက်ကြီးတွေ ဖွင့်ပြီး မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့် ထုတ်လွှင့်တာတွေနဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှုတွေကို ကာလအတော်ကြာ ရပ်နားထားခဲ့ဖူးရာကနေ ပြန်လည် စတင်လာခဲ့ပါတယ်။

Ref: CNA