ဩဂုတ် ၊ ၃
ပြင်သစ်နိုင်ငံ၊ ပါရီအိုလံပစ် ပိတ်ပွဲ အခမ်းအနားမှာ ကမ္ဘာကျော် ဟောလိဝုဒ် မင်းသား တွမ်ခရုစ်က စတန့်ပြကွက် တခုနဲ့ ပါဝင် တင်ဆက်သွားမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
Mission Impossible ရုပ်ရှင်တွေမှာ သည်းထိတ်ရင်ဖို စတန့်တွေကို လူစားမထိုးဘဲ ပါဝင် သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ခရုစ်ဟာ အခုသီတင်းပတ် အထိတော့ အမေရိကန် နိုင်ငံ၊ လော့စ်အန်ဂျလိစ်မှာ ရုပ်ရှင်ရိုက်နေခဲ့ပါတယ်။ နောက်တော့ သူဟာ ပါရီအိုလံပစ်ရဲ့ အားကစား ပွဲစဉ်တချို့ကို သွားရောက် အားပေးနေတာ တွေ့ခဲ့ရပါတယ်။
အတော်လေး ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ခရုစ်ဟာ ဩဂုတ် ၁၁ ရက်နေ့၊ အိုလံပစ် ပိတ်ပွဲရဲ့ ပရိသတ်ကို ဖမ်းစားမယ့် စတန့်ပြကွက်တခု တင်ဆက်ရာမှာ ပါဝင်လိမ့်မယ်လို့ အခိုင်အမာ ပြောနေကြပါတယ်။
ဒီကိစ္စကို ကာယကံရှင် ကိုယ်တိုင်ရော၊ အိုလံပစ်ပွဲတော် ကျင်းပရေး ကော်မတီကပါ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။ ခရုစ်က ဘယ်လို စတန့်မျိုးနဲ့ ပါဝင်တင်ဆက်မလဲ ဆိုတာကို မသိရသေးပေမယ့် လေထီးခုန်ပြီး ပိတ်ပွဲ အခမ်းအနား နေရာဆီ ဆင်းသက်လာဖို့ ဖြစ်နိုင်ခြေ များကြောင်းလည်း သတင်းတွေ ပျံ့နှံ့နေပါတယ်။
အိုလံပစ် ပိတ်ပွဲတွေရဲ့ အစဉ်အလာအရ အိုလံပစ် အလံကို နောက် ၄ နှစ်အကြာမှာ ပြိုင်ပွဲကျင်းပမယ့် နိုင်ငံဆီ လက်ရှိ အိမ်ရှင်နိုင်ငံက လွှဲအပ်ပေးရတာဖြစ်ပြီး အဲဒီအလံကို သယ်ဆောင်ရင်း ခရုစ်က စတိတ်ဒီဖရန့်စ် အားကစားကွင်းကြီးထဲ ဆင်းသက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ၂၀၂၈ အိုလံပစ်ကိုတော့ လော့စ်အန်ဂျလိစ်မှာ ကျင်းပသွားမှာပါ။
အသက် ၆၂ နှစ်အရွယ် ခရုစ်ဟာ အမေရိကန် ဂျွမ်းဘားမယ် ဆီမြွန်းဘိုင်းလ်စ်က ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ချိန် ပွဲကြည့်စင်ကနေ အားပေးနေခဲ့တာကို ပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်။
အိုလံပစ် ပြိုင်ပွဲတွေမှာ ခရုစ်ရဲ့ ဆက်နွှယ်မှုက အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ် လော့စ်အန်ဂျလိစ် အိုလံပစ်တုန်းကလည်း သူဟာ အိုလံပစ် မီးရှူးတိုင်ကို လက်ဆင့်ကမ်း သယ်ယူခဲ့ဖူးပါတယ်။
ပါရီမြို့တော် အုပ်ချုပ်ရေး ဌာနဟာ အိုလံပစ် ပွဲတော်ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစား အကောင်အထည် ဖော်ခဲ့ပြီး ဖွင့်ပွဲတုန်းကလည်း အိုလံပစ် သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အားကစားကွင်းကြီး တခုမှာ မကျင်းပဘဲ ဆိန်းမြစ်ရိုး တလျှောက်မှာ ပြောင်းလဲကျင်းပစေခဲ့ပါတယ်
Ref: USA Today