တစီးရှင်ဘွဲ့ခံပြီး နိုင်ငံအနှံ့စစ်ရှုံးနေသော်လည်း ပုသိမ်မှာဆင်ဖြူတွေ့တယ်ဆိုပြီး စစ်ကောင်စီ တောနင်းရှာနေပြန်

Photo – စစ်ကောင်စီ

ဩဂုတ်၊ ၁

နိုင်ငံအနှံ့ စစ်မျက်နှာအများအပြားမှာ စစ်ရှုံးရလဒ်တွေနဲ့ ကြုံတွေ့နေရသလို နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရခိုင် ပြည်နယ်မှာလည်း ရခိုင့်တပ်တော်ရဲ့ထိုးစစ်ကို အပြင်းအထန်ခုခံနေရတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်း အတွင်း ဆင်ဖြူတွေ့တယ်ဆိုကာ တောနင်းရှာဖွေခိုင်းနေတယ်လို့ အဲ့ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတွေဆီကသိရပါတယ်။

“တကယ်သာဟုတ်ရင် သူကလည်းတအားလိုချင်တဲ့အချိန်လေ၊အဲ့ဒါကြောင့် ဆင်သမားအဖွဲ့တွေလည်း ဖြူဖြူ၊ မဖြူဖြူပေါ့ဗျာ လိုက်ရှာနေရတဲ့ပုံစံမျိုးဖြစ်နေတာ၊သိတယ်မလား အခုက သူကလည်းယာယီသမ္မတဆိုတော့ ဒါ ကြီးရသွားရင် ဘုန်းကံကြီးတယ်တို့ဘာတို့ အမျိုးမျိုးလုပ်နေမှာလေ”လို့ စစ်ကောင်စီ သစ်တောဌာနနဲ့နီးစပ်တဲ့ဧရာ ဝတီတိုင်းဒေသခံတဦးက DNAကိုပြောပါတယ်။

ပုသိမ်မြို့နယ် ငွေဆောင်ဒေသဘက်မှာရှိတဲ့ ရာဘာခြံလုပ်သားတချို့က ညအချိန် ဆင်တကောင်တွေ့ပြီး ဓာတ် ပုံရိုက်ယူထားရာက ဆင်ဖြူတော်ဆိုပြီးသတင်းထွက်ပေါ်ကာ နေပြည်တော်အထိ သတင်းရောက်သွားပြီးနေပြည် တော်ကညွှန်ကြားချက်နဲ့ပဲ ပြီးခဲ့တဲ့ ဇွန်လလယ်လောက်ကတည်းက တောနင်းရှာဖွေခိုင်းနေတာလို့ သိရပါတယ်။

“ဝန်ကြီးချုပ်တို့ဘာတို့တောင်လာတယ်ပြောတာပဲ၊ဌာနဆိုင်ရာအကြီးအကဲတွေကပါဖမ်းပေးဖို့လာပြောကြတယ်တဲ့”လို့ အထက်ပါ DNA သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ သစ်တောရဲတပ်ဖွဲ့ဝင်တွေ၊ သစ်လုပ် ငန်းအဖွဲ့တွေ၊ဆင်သမားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက ချောင်းသာသစ်တောကြိုးဝိုင်းအပါအဝင် အနီးဝန်းကျင်ကြိုးဝိုင်းတွေထဲတောနင်းပြီး အဲ့ဒီဆင်ဖြူတော်ရှာဖွေမှုကို လုပ်နေကြတာလို့ သိရပါတယ်။

နေ့စဉ် တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ဒေသအနှံ့က စစ်ရေအခြေအနေတွေကို စုစည်းရေးသားလေ့ရှိတဲ့ CDM ဗိုလ် ကြီး ဇင်ယော်ကလည်း ပုသိမ်မြို့နယ်ထဲမှာ ဆင်ဖြူတွေ့တယ်ဆိုတဲ့သတင်းအရ စစ်ကောင်စီလက်အောက်ခံတွေ ရှာဖွေရေးလုပ်နေကြတယ်လို့ ဒီကနေ့ ညပိုင်းမှာ ရေးသားဖော်ပြပါတယ်။

သစ်တောဌာနဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ DNA သတင်းရင်းမြစ်ကတော့ စစ်ကောင်စီကအခုလို အသည်းအသန်ရှာ ဖွေမှုလုပ်နေပေမယ့် ရာဘာခြံလုပ်သားတွေရိုက်ကူးထားတဲ့ ဓာတ်ပုံအရ ဆင်ဖြူတော်မဟုတ်ဘဲ သာမာန်ဆင် သာဖြစ်ကြောင်း ဆင်ကျွမ်းကျင်သူတွေက အတည်ပြုထားနိုင်တယ်လို့ဆိုပါတယ်။

“ဆင်သမားတွေကတော့ (ဓာတ်ပုံကို)သူတို့ကြည့်ပြီးပြီတဲ့၊မဟုတ်ပါဘူးတဲ့၊ညဘက်ဆိုတော့ ဖုန်လူးပြီးတော့ အ လင်းရောင်နဲ့ ဟပ်တဲ့အခါကျအဖြူရောင်ထွက်တယ်လေ။အဲ့ဒါကိုမသိလို့ဖြစ်မှာပေါ့၊ဆင်ဖြူဆိုပြီးတော့ပတ်သက် ရာပတ်သက်ကြောင်းပြောရာက နေပြည်တော်ကသိပြီး နေပြည်တော်က ဒီကိုပြန်ချတာ”လို့ သူကရှင်းပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိမြန်မာ့သစ် လုပ်ငန်းဆင်ဝိုင်းကနေ ဆင်ဖြူတော်အထီးတကောင်မွေးဖွားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲ့ဒီဆင်ဖြူတော်ဟာ ဆင်ဖြူတော်ကြန်အင်လက္ခဏာ ၈ချက်ထဲက ခုနစ်ချက်နဲ့ကိုက်ညီတယ်လို့လည်း စစ် ကောင်စီကအမွှမ်းတင်ခဲ့သလို အရင်က ပေါ်ထွန်းခဲ့ဖူးတဲ့ဆင်ဖြူတော် ကိုးစီးထဲမှာ ဆင်ဖြူတော်လက္ခဏာ ခုနစ် ချက်အထိ ကိုက်ညီတဲ့ဆင်တကောင်သာရှိဖူးတယ်လို့လည်းဆိုခဲ့ပါတယ်။

လက်ရှိနေပြည်တော်မှာ စစ်ကောင်စီက ဘွဲ့နဲ့အဆောင်အယောင်တွေပေးအပ်ထားရှိတဲ့ အဲ့ဒီဆင်ဖြူတော်နဲ့ပတ် သက်ပြီး တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ မင်းကျင့်တရားဆယ်ပါးနဲ့ပြည့်စုံတဲ့ကာလတွေမှာသာ ဆင်ဖြူတော် ပေါ် ထွန်းတတ်တယ်လို့လည်း စစ်ကောင်စီထိန်းချုပ်တဲ့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ကြပါသေးတယ်။

စစ်ခေါင်းဆောင်လက်ထက်မှာ ဆင်ဖြူတော်ပေါ်ထွန်းတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်မီဒီယာတွေနဲ့ ဝါဒဖြန့်မီဒီ ယာတွေက အဲ့ဒီလိုအမွမ်းတင်ဖော်ပြလေ့ရှိပေမယ့် လက်ရှိ  စစ်ပွဲရလဒ်တွေကြောင့် စစ်ခေါင်းဆောင်မင်းအောင် လှိုင်ကို အာဏာသိမ်းမှုထောက်ခံသူတချို့ကပါ “တစီးရှင်”လို့ သရော်ရေးသားကြတာတွေလည်းရှိနေပါတယ်။