စစ်ခေါင်းဆောင်ခေါ်ယူတဲ့ ကာလုံအစည်းအဝေး အရေးပေါ်ကာလ သက်တမ်းတိုးမှုနဲ့သာအဆုံးသတ်

Photo – စစ်ကောင်စီ

ဇူလိုင်၊ ၃၁

ဦးမြင့်ဆွေရဲ့ကျန်းမာရေးအခြေအနေအရ ယာယီသမ္မတလွှဲပြောင်းတယ်ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဦး ဆောင်ခေါ်ယူခဲ့တဲ့ ဒီကနေ့ ကာလုံအစည်းအဝေးဟာ အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးဖို့ အတည်ပြု ဆုံးဖြတ်မှုနဲ့သာ အဆုံးသတ်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်တွေအရသိရပါတယ်။

အဲ့ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလ ခြောက်သက်တမ်း ထပ်မံတိုးမြှင့်ပေးဖို့ တင်ပြခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။

PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နယ်မြေဒေသတည်ငြိမ်အေး ချမ်းရေး ဆောင်ရွက်ရန်ဖို့၊ရွေးကောက်ပွဲအတွက် ခိုင်လုံမှန်ကန်တဲ့မဲစာရင်းတွေရရှိဖို့ သန်းခေါင်စာရင်း ကောက်ယူ ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စတာတွေအတွက် အရေးပေါ်ကာလသက်တမ်းထပ်တိုးဖို့မဖြစ်မနေလိုအပ် တယ် လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒီတင်ပြချက်တွေအပေါ် ကာလုံအဖွဲ့ဝင်တွေနဲ့ အထူးဖိတ်ကြားထားသူတွေက သုံးသပ်ဆွေးနွေးခဲ့ပြီး အရေးပေါ် ကာလ သက်တမ်းထပ်တိုးဖို့ တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြတာလို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို ပထမဆုံးအကြိမ်မှာ တနှစ်၊နောက်ထပ်ခြောက်လနှစ်ကြိမ် တိုးနိုင်တယ်လို့ ပြဌာန်းထားပေမယ့် စစ်ကောင်စီကတော့ ပုဒ်မ ၄၂၅ ပါ “သာမာန်အားဖြင့်”ဆိုတဲ့စကားရပ်ကို အ သုံးချပြီး အခုတကြိမ်အပါအဝင် ခြောက်လကြာ အရေးပေါ်ကာလသက်တမ်း ခြောက်ကြိမ်အထိ တိုးမြှင့်ထားပါ တယ်။

အဲ့ဒီကာလုံအစည်းအဝေးကို ယာယီသမ္မတ အဖြစ်လည်းနာမည်ခံထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်ယူနီ ဖောင်းဝတ်ဆင် တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးကိုပြည်သူ့ လွှတ်တော်ဥက္ကဌဦးတ္ခွန်မြတ်၊ဒုတပ်ချုပ်စိုးဝင်းတို့နဲ့အတူကာလုံအဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ် ရေးဝန်ကြီး၊ ပြည်  ထဲရေး ဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီးတို့တက်ရောက်ခဲ့ကြပေမယ့် နိုင်ငံခြားရေးဝန်ကြီးတော့တက် ရောက်တာမရှိဘူးလို့သိရပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေဟာ အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတက်ဖို့ ဇူလိုင် ၂၈ရက်က မန္တလေးလေဆိပ်ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ကာလုံအစည်းအဝေးမှာ ကာလုံးအဖွဲ့ဝင်တွေမဟုတ်တဲ့ စစ်ကောင်စီအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့လည်း အထူးဖိတ်ကြားထားသူတွေအဖြစ် တက်ခဲ့ကြတယ်လို့သိရပါတယ်။