ဘာလီကျွန်းမှာ ခွေးသား ဘာဘီကျူး လိမ်ရောင်းတဲ့ စျေးသည်တွေ အဖမ်းခံရ

ဇူလိုင် ၊ ၂၇

အင်ဒိုနီးရှား နိုင်ငံက ကမ္ဘာကျော် ဘာလီ အပန်းဖြေကျွန်းမှာ ခွေးသားတွေကို တုတ်ထိုး ဘာဘီကျူးလုပ်ပြီး လိမ်ရောင်းခဲ့တဲ့ စျေးသည်တချို့ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဩစတြေးလျ နိုင်ငံသား ကမ္ဘာလှည့် ခရီးသွားတွေဟာ အဲဒီ စျေးသည်တွေရဲ့ ပစ်မှတ်ထား လိမ်လည်မှုကို ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ အခုသီတင်းပတ်ကုန် စုံစမ်းစစ်ဆေးမှုတွေမှာ တုတ်ထိုးပြီး ကင်ထားတဲ့ ခွေးသား ဘာဘီကျူးတွေအပြင် အသားစိမ်း ကီလိုဂရမ် ရာဂဏန်းလောက်ကိုပါ သိမ်းဆည်း ရမိခဲ့ပါတယ်။

စုစုပေါင်း ကီလိုဂရမ် ၅၀၀ လောက်ထိ များပြားတဲ့ တုတ်ထိုး ခွေးသား အကင်နဲ့ အစိမ်းတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အနည်းဆုံး ၂ ဦးလောက်ကို ကနဦးအဆင့် ဖမ်းဆီးထားပြီး ကြံရာပါတွေကို ရှာဖွေနေကြောင်း ဘာလီ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘာလီကျွန်းမှာ ခွေးသားရောင်းချခွင့်ကို ဥပဒေနဲ့ တားမြစ် ပိတ်ပင်ထားပါတယ်။ အခု စျေးသည်တွေက ခွေးသား တုတ်ထိုးတွေကို တခြားအသားတွေအဖြစ် လိမ်ညာပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ပစ်မှတ်ထား ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဥပဒေတွေအရ ဘာလီမှာ ခွေးသား ရောင်းဝယ်ဖောက်ကားမှုဟာ ထောင်ဒဏ် ၃ လနဲ့ ရူပီး သန်း ၅၀ (ဒေါ်လာ ၃၀၀၀ နီးပါး) လောက်ထိ ဒဏ်ရိုက်နိုင်တဲ့ ပြစ်မှုမျိုး မြောက်ပါတယ်။

အရှေ့တောင်အာရှနဲ့ အရှေ့အာရှ နိုင်ငံတချို့မှ ခွေးသားစားမှု အလေ့အထတွေ ကြွင်းကျန်နေဆဲဖြစ်ပြီး အထူးသဖြင့် တရုတ်၊ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားတို့မှာ အထင်အရှား ရှိနေပါတယ်။ တောင်ကိုရီးယားမှာလည်း ခွေးသားစားတဲ့ အလေ့အထတွေ ကျန်နေဆဲ ဖြစ်ပေမယ့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း ကြားမှာတော့ အဲဒီကိစ္စအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ သဘောထားမျိုးတွေ ရှိလာခဲ့ပါတယ်။

Ref: CNA