ဇူလိုင်၊ ၂၇
မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေဟာ မနှစ်ကစလို့ အပြောင်းအလဲ ခပ်ကြမ်းကြမ်းတွေ ဖြစ်ပေါ်လာပါတယ်။ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု (ERO)တွေဟာ အာဏာသိမ်း မြန်မာစစ်တပ်အပေါ် စစ်ရေးအောင်ပွဲတွေ ဆက်တိုက် ရယူလာနိုင်တယ်။ တချိန်တည်းမှာပဲ ပထဝီဝင် နိုင်ငံရေးအရ အန္တရာယ်များတဲ့ ရှုထောင့်တွေလည်း တိုးလာတယ်။ တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်တို့ဟာ ပြည်တွင်းက ကွဲပြားတဲ့ လက်နက်ကိုင် အင်အားစုတွေကို သီးခြားစီ ပံ့ပိုးပေးနေတယ်။
တရုတ်ဟာ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ EROတွေနဲ့ စဉ်ဆက်မပြတ် ဆွေးနွေးမှုတွေ ရှိနေတဲ့အချိန် အိန္ဒိယကတော့ အာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေးကို မြဲမြဲမြံမြံ ထိန်းသိမ်းထားတယ်။ အမေရိကန်က ပြည်တွင်းမှာ ရွေးကောက်ပွဲကိစ္စ ဗျာများနေပေမယ့်လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တော်လှန်ရေး အင်အားစုတွေကို မူအားဖြင့် ဆက်လက် ထောက်ခံနေတယ်။ အထူးသဖြင့် အာဏာသိမ်း စစ်တပ်ကို တိုက်ရိုက် စိန်ခေါ်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို အမေရိကန်က နိုင်ငံရေးအရ ထောက်ခံ ရပ်တည်နေတယ်။
အဲဒီလို ပထဝီဝင် နိုင်ငံရေး အခြေပြု ပြင်ပ အားပြိုင်မှုတွေကြောင့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ ဘေးရောက်သလို ဖြစ်လာပါတယ်။ အဲဒီ အခြေအနေဟာ မြန်မာနိုင်ငံ၊ ဒေသတွင်း အခြေအနေတွေနဲ့ အာဆီယံ ကိုယ်တိုင်ကိုပါ ဆိုးကျိုး ရိုက်ခတ်မှုတွေ ရှိလာစေနိုင်ပါတယ်။ ဒီအတောအတွင်း မလေးရှားဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းလာတယ်။ ဒီရွေးချယ်မှုမျိုးက အာဆီယံ အဖွဲ့ဝင် တချို့ လောလောဆယ် လက်ကိုင်ပြုထားပြီးသား ကိစ္စပါ။ ဒါပေမဲ့ အခုအခြေအနေတွေက အာဆီယံရဲ့ တသားတည်း စည်းလုံးမှုကို ထိခိုက်မှုတွေ ဖြစ်လာစေတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာ့အရေးကို ကူညီဖြေရှင်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို ရှေ့ဆောင်လမ်းပြ သတ်မှတ်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီ သဘောတူညီချက်တွေဟာ ဘာအကျိုးအာနိသင်မှ မရှိခဲ့ဘဲ စကတည်းက အသက်မဲ့နေခဲ့ပြီးသားလို့ အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန် ခံခဲ့ရပါတယ်။ အဲဒီ ဘုံသဘောတူညီချက်တွေအစား ပိုပြီး ရဲရင့်တဲ့၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေကို ရှာဖွေ ကျင့်သုံးနိုင်မှသာ မြန်မာ့ နိုင်ငံရေး ပါဝါအလှည့်အပြောင်းတွေအတွက် ထင်ရှားမြင်သာတဲ့ အရွေ့တွေ မြင်ရမှာလို့ ထောက်ပြမှုတွေ ရှိနေတယ်။
အာဆီယံရဲ့ လက်ရှိ လုပ်ပုံကိုင်ပုံတွေက မြန်မာ စကားပုံ တခုဖြစ်တဲ့ ‘မြွေမသေ၊ တုတ်မကျိုး’ဆိုတဲ့ သဘောတရား အရမ်းဆန်လွန်းနေတယ်။ စကားပုံ အနေနဲ့ နားကြားလို့ ကောင်းပေမယ့် မြန်မာ့ အရေးကို ဖြေရှင်းတဲ့ အခါမှာတော့ လက်တွေ့ အလုပ်မဖြစ်တော့ပါဘူး။ ၂၀၂၅ ခုနှစ်မှာ မလေးရှားက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အချိန်ကျရင် အဲဒီ ဘုံသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး အလေးအနက် ပြန်လည် ဆန်းစစ်ပြီး ပြင်သင့်တာတွေ ပြင်ဖို့ အရေးတကြီး လုပ်ဆောင်သင့်ပါတယ်။ အခု ဆောင်းပါးမှာတော့ ဆင့်ကဲပြောင်းလဲလာတဲ့ မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံက ချဉ်းကပ် လုပ်ဆောင်သင့်တဲ့ အစီအမံ ၃ ခုကို အကြံပြု ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ အာဏာသိမ်း စစ်တပ်မဟုတ်တဲ့ တခြားသော အစုအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို မြှင့်တင်ဖို့၊ အာဆီယံ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန (AHA)ရဲ့ လုပ်ရိုးလုပ်စဉ်ထက် ပိုတဲ့ လူသားချင်း စာနာမှု အကူအညီတွေ မြှင့်တင်ပေးဖို့၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ကိုယ်စားလှယ် တယောက်ကို သက်တမ်း ကန့်သတ်ချက် မရှိဘဲ ခိုင်ခိုင်မာမာ ခန့်အပ်ပေးထားဖို့တွေ ဖြစ်ပါတယ်။
စစ်တပ်မဟုတ်တဲ့ အစုအဖွဲ့တွေနဲ့ ဆွေးနွေးခြင်း
လက်ရှိ ပုံစံတွေအရ အာဆီယံဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC)လို့ နာမည်တပ်ထားတဲ့ အာဏာသိမ်း စစ်တပ်နဲ့ အဓိက ဆွေးနွေးဖို့သာ ရည်သန်နေပြီ ဒါဟာ မှားယွင်းတဲ့ လမ်းကြောင်း ဖြစ်နေပါတယ်။ အဲဒီလုပ်ရပ်က စစ်တပ်ဖက်က အသည်းအသန် လိုချင်နေတဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကို သွယ်ဝိုက်ပြီး ပေးအပ်သလို ဖြစ်နေနိုင်ပါတယ်။ တကယ်တမ်းမှာတော့ အာဆီယံဟာ NUG၊ EROတွေနဲ့ တခြားသော စစ်တပ်မဟုတ်တဲ့ မြန်မာ့နိုင်ငံရေး တွန်းကန်အားတွေနဲ့ တရားဝင်အဆင့်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။ အဲဒီ အစုအဖွဲ့တွေဟာ အင်အား ပိုမိုတောင့်တင်းလာသလို စီမံအုပ်ချုပ်မှု ယန္တရားတွေကိုလည်း ထိန်းချုပ်နယ်မြေ အသီးသီးမှာ ခိုင်ခိုင်မာမာ ချဲ့ထွင် တည်ဆောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီလို သိသာထင်ရှားတဲ့ အရွေ့ကြောင့်ပဲ စစ်ရေး အခြေအနေတွေဟာ PDFတွေနဲ့ EROတွေဖက်ကို ယိမ်းလာပါတယ်။ တချို့ EROတွေဟာ အခုအခါမှာ နိုင်ငံတကာ အသိအမှတ်ပြု နယ်စပ်တွေကိုပါ ခိုင်ခိုင်မာမာ ထိန်းချုပ်ထားပြီ ဖြစ်တာကြောင့် အာဆီယံဟာ ဒီလို မဟာဗျူဟာ အပြောင်းအလဲမျိုးကို ကျင့်သုံးဖို့ ပိုပြီးတောင် အရေးတကြီး လိုအပ်လာပါသေးတယ်။
တော်လှန်ရေးဖက်က အစုအဖွဲ့တွေနဲ့ တရားဝင်အဆင့် ထိတွေ့ ဆက်ဆံခြင်းဟာ အာဏာသိမ်း စစ်တပ်ကို ဖိအားပေးနိုင်ရုံတင် မကဘဲ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဩဇာ ချဲ့ထွင်မှုကိုပါ တန်ပြန်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ဒေသတွင်း အင်အားကြီး နိုင်ငံနှစ်ခုဟာ EROတွေနဲ့ ဆက်ဆံမှုကို အခုကတည်းက အစပြုနေပါပြီ။ ဒီတော့ အာဆီယံကလည်း ဒီလမ်းကြောင်းကို မလိုက်နိုင်စရာ အကြောင်းမရှိပါဘူး။ ပြီးတော့ တော်လှန်ရေးဖက်က အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံခြင်းက မြန်မာပြည်သူတွေရဲ့ အမြင်ကြည်မှုကိုလည်း ခံယူရရှိပါလိမ့်မယ်။ လောလောဆယ်တော့ အာဆီယံဟာ ဗဟိုအာဏာချုပ်ကိုင်မှုကို ဦးစားပေး ချဉ်းကပ်တဲ့ သဘောမျိုး ရှိနေပြီး လူထုကို ဗဟိုမပြုသေးပါဘူး။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆိုင်ဖူဒင် အက်ဘ်ဒူလာနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်တ်နို မာဆူဒီတို့ နှစ်ဦးစလုံးဟာ မြန်မာ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အသံကို နားစွင့်လိုတဲ့ ချဉ်းကပ်မှု ပုံစံတွေကြောင့် ချီးကျူး ကြိုဆိုမှုတွေကို ရရှိခဲ့ဖူးပါတယ်။ တဖက်မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းဟာ ၂၀၂၂ တုန်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်မှာ မြန်မာ စစ်ခေါင်းဆောင်တွေကို တရားဝင် အသိအမှတ်ပြုတာ၊ အာဏာသိမ်း စစ်တပ်နဲ့ပဲ အဆက်အဆံ လုပ်ခဲ့တာတွေကြောင့် အတော်လေး ဝေဖန်ခံရပြီး မြန်မာပြည်သူတွေကြားမှာ လူမုန်းများခဲ့ပါတယ်။
ဒီနေရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးကို စုံစုံလင်လင် စုစည်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်ဖို့ဆိုတဲ့ အာဆီယံ ဘုံသဘောတူညီမှု အချက်တချက်နဲ့လည်း ကိုက်ညီနေပါတယ်။ စစ်တပ်မဟုတ်တဲ့ တခြားနိုင်ငံရေး အစုအဖွဲ့တွေနဲ့ တရားဝင်အဆင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် အာဆီယံဟာ ကိုယ်တိုင် ချမှတ်ထားတဲ့ လမ်းစဉ် မူဘောင်တွေကို လိုက်နာတဲ့ အဓိပ္ပါယ် ဖြစ်ရုံသာ မကဘဲ မြေပြင်က ပကတိ အရှိတရားတွေကို ပြောင်းလဲတာ၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် အမှန်တကယ် လိုအပ်နေတဲ့အတိုင်း ပြင်းထန်တဲ့ သံတမန်ရေး ဖိအားတွေ ပေးအပ်တာတွေ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ အခုထိတော့ စစ်တပ်ဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ယုံယုံကြည်ကြည် လက်တွဲ ညှိနှိုူင်းဖို့ ဆိုတာတွေကို ငြင်းဆိုနေဆဲပါ။
AHA လုပ်ရိုးလုပ်စဉ်တွေထက်ပိုတဲ့ လူသားချင်း စာနာမှု လုပ်ဆောင်ချက်များ ချဲ့ထွင်ခြင်း
ဘုံသဘောတူညီမှု ၅ ချက်အတွက်ဆိုရင် AHAဟာ အရမ်းအရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့လည်း ထင်ရှားမြင်သာတဲ့ ကန့်သတ်ချက်တွေက ရှိနေပြန်တယ်။ လူသားချင်း စာနာမှု အထောက်အပံ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းလိုမျိုး စစ်တပ်က စိတ်တိုင်းကျ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေ လက်အောက်ကနေ ဖြန့်ဝေပေးနေတယ် ဆိုတာကိုက AHAဟာ ရည်ရွယ်ချက် မပါရင်တောင်မှ မြန်မာစစ်တပ်ရဲ့ တရားဝင် ရပ်တည်မှုကို လက်ခံပေးသလို ဖြစ်နေပါတယ်။ အဲဒီထက် ပိုအရေးကြီးတဲ့ အချက်က အဲဒီလမ်းကြောင်းတွေက ထိရောက်မှု မရှိဘူး ဆိုတာပါပဲ။ မြန်မာနိုင်ငံက လူသားချင်း စာနာမှု အကျပ်အတည်းတွေကို တကယ်တမ်း ဦးတည်ချင်တယ်ဆိုရင် အာဆီယံဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေကို AHAရဲ့ လက်ရှိ လုပ်ရိုးလုပ်စဉ် လမ်းကြောင်းထက် ပိုပြီး ချဲ့ထွင်နိုင်ရပါမယ်။
ဒေသအလိုက် အခြေစိုက်တဲ့ အစုအဖွဲ့တွေ ဦးဆောင်ပြီး လူသားချင်း စာနာမှု အထောက်အပံ့တွေ ဖြန့်ဝေနိုင်တဲ့ စနစ်တွေ အကောင်အထည် ဖော်ပေးနိုင်ရေးက အရမ်း အရေးကြီးပါတယ်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေဟာ ဒေသခံ လူထု ကြုံနေရတဲ့ အရှိတရားတွေ၊ လိုအပ်ချက်တွေကို ကောင်းကောင်း နားလည်ပြီး အကူအညီတွေ အလိုအပ်ဆုံး ဇုန်နယ်မြေတွေဆီ ထိရောက်တဲ့ အထောက်အပံ့တွေ ပေးပို့နိုင်အောင် လမ်းကြောင်းပြပေးနိုင်ပါတယ်။ လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် AHAကိုပဲ ပုံအော မှီခိုနေရတာကို လျှော့ချနိုင်မယ်ဆိုရင် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဆီ စီးဝင်သွားမယ့် ရန်ပုံငွေ ပမာဏကို လျှော့ချနိုင်ပြီး မြန်မာပြည်သူတွေကို အကူအညီ ပိုပေးနိုင်မှာ ဖြစ်တဲ့အပြင် တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်နေတဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေက ခရီးပေါက်ဖို့ ခက်ခဲတဲ့ ဧရိယာတွေထိ ခြေဆန့်ကူညီနိုင်တာကို လက်တွေ့ ပြသနိုင်ပါလိမ့်မယ်။
နောက်ပြီးတော့ အာဆီယံဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေက အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီး မြန်မာနိုင်ငံ အနောက်ဖျား နယ်စပ်တွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ပိုမိုပေးအပ်နိုင်အောင် ညှိနှိုင်း အကောင်အထည် ဖော်သင့်ပါတယ်။ ချင်းနဲ့ ရခိုင်လို ပြည်နယ်တွေဟာ အာဏာသိမ်းမှု နောက်ဆက်တွဲ အဆိုးဆုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေတွေ စာရင်းမှာ ပါဝင်ပြီး လောလောဆယ် AHAက ကူညီနိုင်လောက်အောင် လက်လှမ်းလည်း မမီပါဘူး။ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ သေသေချာချာ ပူးပေါင်း လုပ်ဆောင်နိုင်မယ်ဆိုရင် အာဆီယံဟာ ပိုမိုထိရောက် အားကောင်းတဲ့ လူသားချင်း စာနာမှု အကူအညီမျိုးတွေ ပေးအပ်လာနိုင်ပါလိမ့်မယ်။
ဒါ့အပြင် အာဆီယံဟာ NUG လက်အောက်ခံ ဝန်ကြီးဌာနတွေနဲ့လည်း ပိုမို ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။ အကြမ်းမဖက်ဘဲ စစ်အာဏာရှင်ကို ဖီဆန်ခဲ့တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဆေးပညာရှင်တွေ၊ ဆရာဝန်တွေ အများအပြားဟာ NUG လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနအတွက် အလုပ်လုပ်ပေးနေကြပါတယ်။ အဲဒီလို အစုအဖွဲ့တွေကို ထိထိရောက်ရောက် ပံ့ပိုးပေးခြင်းဟာ အကျိုးကျေးဇူးကောင်းတွေ ရရှိစေရုံသာ မကဘဲ အာဆီယံရဲ့ နိုင်ငံရေး သိက္ခာကိုလည်း ပိုတက်လာစေမှာပါ။ တနည်းအားဖြင့် မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးကို အာဆီယံက တစိုက်မတ်မတ် မျှော်တွေးပါတယ် ဆိုတာကို လက်တွေ့ ပြသရာရောက်ပြီး အဖွဲ့အစည်းရဲ့ အနာဂတ် အစီအမံတွေအပေါ် လူထုက ယုံကြည်မှု တိုးလာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို အတည်တကျ ခန့်အပ်ခြင်း
ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ သတ်မှတ်ထားရှိတဲ့ အာဆီယံ အထူးကိုယ်စားလှယ် နေရာဟာ ခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် မူတည်ပြီး လျှော့တွက် ခံရတာမျိုး ရှိနိုင်ပါတယ်။ များသောအားဖြင့် အဲဒီ အထူးကိုယ်စားလှယ် နေရာကို အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးကဖြစ်စေ၊ တခြား ဝါရင့် သံအရာရှိ တဦးဦးကဖြစ်စေ တာဝန်ယူရလေ့ ရှိပါတယ်။ ဒါပေမဲ့ နှစ်စဉ် အလှည့်ကျ ပြောင်းလဲနေတဲ့ ဥက္ကဋ္ဌ ရာထူးနဲ့အတူ အဲဒီရာထူးမှာ လူအပြောင်းအလဲက တနှစ်တခါ ဖြစ်ပေါ်ပါတယ်။ အကျိုးဆက်ကတော့ မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ စဉ်ဆက်မပြတ် တာဝန်ယူ ကိုင်တွယ် ဖြေရှင်းပေးနိုင်စွမ်းက အဆက်ပြတ်သွားတာ၊ နှောင့်နှေးသွားတာတွေ ကြုံရပါတော့တယ်။ ဒီအခြေအနေကို ပြုပြင်ဖို့ဆိုရင် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အထူးကိုယ်စားလှယ် တာဝန်ကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ရယူမယ့်အစား အာဆီယံ နိုင်ငံတွေ စုပေါင်းညှိနှိုင်းပြီး ရေရှည် တာဝန်ထမ်းဆောင်နိုင်မယ့်၊ အရည်အချင်းနဲ့ အရင်းအမြစ်တွေ ကြွယ်ဝပြည့်စုံတဲ့သူ တယောက်ယောက်ကို မြန်မာ့အရေး အထူးကိုယ်စားလှယ် ခန့်အပ်သင့်ပါတယ်။ အဲဒီကိုယ်စားလှယ် ခန့်အပ်မှုဟာ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့ နိုင်ငံနဲ့ တိုက်ရိုက် ဆက်စပ်တာမျိုး မဖြစ်သင့်တော့ပါဘူး။
အဲဒီလိုမျိုး ရေရှည် တာဝန်ယူနိုင်မယ့် အာဆီယံ အထူးကိုယ်စားလှယ်ဟာ ပဋိပက္ခတွေကို ညှိနှိုင်းရာမှာ ကွဲပြားစုံလင်ပြီး သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့တွေ၊ ဆက်နွှယ် ပတ်သက်သူတွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် သုတေသနဆိုင်ရာ၊ ခရီးသွားလာခွင့်ဆိုင်ရာ ရင်းမြစ်တွေ အလုံအလောက်နဲ့ လွတ်လွတ်လပ်လပ် ရရှိထားသင့်ပါတယ်။ အဲဒီ ရင်းမြစ်တွေ ဆိုတဲ့နေရာမှာ အထူးကိုယ်စားလှယ်ဟာ တော်လှန်ရေးကို လိုလားတဲ့ အစုအဖွဲ့တွေနဲ့ပါ တရားဝင် ဆွေးနွေးခွင့်၊ ညှိနှိုင်းခွင့်မျိုး ရရှိနေအောင် ဖိအားပေးထားတာမျိုးလည်း ဖြစ်ရပါမယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဥရောပ သမဂ္ဂ စသဖြင့် ဘယ်နိုင်ငံ၊ ဘယ်အစုအဖွဲ့ကမဆို ဦးစီးကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တော်လှန်ရေးနဲ့ ဆက်နွှယ်တဲ့ နိုင်ငံရေး အင်အားစုတွေပါ ပါဝင်နိုင်အောင် အာဆီယံ အထူးကိုယ်စားလှယ်က စီမံဆောင်ရွက်ခွင့် ရှိရပါမယ်။ စိတ်တူသဘောတူ နိုင်ငံတကာ အသိုက်အဝန်းနဲ့ လက်တွဲညီညီ ဆောင်ရွက်ဖို့ဆိုရင် ရေရှည် တာဝန်ယူနိုင်ပြီး အာရုံစူးစိုက်မှု ကောင်းမွန်တဲ့ အထူးကိုယ်စားလှယ်မျိုးကို လိုအပ်ပါတယ်။ ဒါမှသာ ရှေရှည်လက်တွဲမှု ဆက်ဆံရေးတွေကို ပျိုးထောင်ရင်း အာရုံစူးစိုက်ထားတဲ့ ချဉ်းကပ်မှုတွေကို ပီပီပြင်ပြင် ထိန်းသိမ်းထားနိုင်မှာပါ။
အနှစ်ချုပ် ကောက်ချက်
မလေးရှားက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲယူတော့မယ် ဆိုတာဟာ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အမှန်တကယ် လိုအပ်နေတဲ့ အလှည့်အပြောင်းမျိုးဆီ ချဉ်းကပ်နိုင်မယ့် အခွင့်အခါကောင်းလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ တော်လှန်ရေး အစုအဖွဲ့တွေနဲ့ တရားဝင်အဆင့် ထိတွေ့ ဆွေးနွေးမှုတွေ ရှိလာတာ၊ AHAရဲ့ လုပ်ပိုင်ခွင့် ကန့်သတ်ချက်ကို ကျော်လွန်ပြီး ပိုမိုကျယ်ပြန့်တဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့နိုင်တာ၊ တည်မြဲပြီး ရေရှည် အာရုံစူးစိုက်နိုင်မယ့်၊ အရင်းအမြစ် ကြွယ်ဝတဲ့ အာဆီယံ အထူးကိုယ်စားလှယ် တစ်ဦးကို ခန့်အပ်နိုင်တာတွေဟာ အာဆီယံက မြန်မာ့ အရေးကို စူးစူးစိုက်စိုက် ဖြေရှင်းဖို့ အာရုံပြုထားတယ် ဆိုတာကို ခိုင်မာ သေချာစေပြီး မြန်မာ ပြည်သူတွေကို အားပေး ကူညီမှုလည်း မြောက်ပါလိမ့်မယ်။
တစ်ဖက်မှာတော့ ပထဝီဝင် နိုင်ငံရေး ရှုထောင့်ကနေ စွက်ဖက်မယ့် အန္တရာယ်တွေကလည်း တရိပ်ရိပ် တိုးလာနေပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်တို့ဟာ မြန်မာ့အရေးမှာ အာဆီယံကို ဘေးဖယ်ထုတ်ဖို့ တွန်းပို့တာမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုသာ ဖြစ်လာမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းမှန်ဆီ ပြန်ရောက်ရေး အတွက်ရော၊ ရှုပ်ထွေးပြီး လှုူပ်ခတ်မှုတွေ ကြမ်းတမ်းတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေမှာ အာဆီယံရဲ့ အရေးပါမှုနဲ့ ထိရောက်မှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အခုလို စိန်ခေါ်မှု ပြင်းထန်တဲ့ ကာလတွေ ကြုံလာချိန်မှာ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ကျတဲ့ အပြောင်းအလဲတွေဆီ ကူးပြောင်း ကျင့်သုံးနိုင်ခြင်းဟာ အာဆီယံရဲ့ ဩဇာနဲ့ ရပ်တည်မှုတွေကို ကာကွယ်ထိန်းသိမ်းဖို့ သေရေးရှင်ရေးတမျှ အရေးပါလာနေပါပြီ။
အာဆီယံက ထိရောက်မှန်ကန်တဲ့ အရာတွေကို လက်တွေ့ လုပ်ဆောင်ပြရမယ့် အချိန်တခုကို တိတိကျကျ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
(The Diplomat၏ ASEAN Must Step-up or Face Irrelevance on the Myanmar Crisis ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)