အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအမံတွေကို မြန်မာစစ်တပ်က ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဝေဖန်

ဇူလိုင်၊ ၂၆

အာဏာသိမ်း မြန်မာစစ်တပ်ဟာ အာဆီယံက ကူညီညှိနှိုင်းပေးဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး အစီအမံတွေမှာ ပူးပေါင်းဖို့ ပျက်ကွက်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဝေဖန် ပြောကြားသွားပါတယ်။

လာအိုနိုင်ငံရဲ့ မြို့တော် ဗီယန်ကျင်းမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးရဲ့ သီးခြား အစီအစဉ်အဖြစ် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့နောက် ရတ်နို မာဆူဒီက အခုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့နောက် မြန်မာစစ်တပ်ဟာ အာဆီယံက ကြားဝင် ဆွေးနွေးပေးပြီး မြန်မာ့ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးဖို့ အဆိုပြုခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာကျင့်သုံးမယ်လို့ သဘောတူခဲ့ပါတယ်။

လက်တွေ့မှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအမံတွေကို လုံးဝ လေးစားမှု မရှိခဲ့သလို အတိုက်အခံတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ဆက်တိုက် အကြမ်းဖက် ဖြိုခွင်းနေတာကြောင့် ပဋိပက္ခတွေဟာ ပိုမိုဆိုးရွားတဲ့ လမ်းကြောင်းဆီ ဦးတည်သွားခဲ့ပါတယ်။

အင်ဒိုနီးရှားရော၊ စင်ကာပူပါ မြန်မာစစ်တပ်ဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ အကောင်အထည်ဖော်ရေး လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာ တသဘောတည်း တူညီခဲ့ကြောင်း မာဆူဒီက သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ Xစာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ဆက်တွဲ စစ်ရေး ပဋိပက္ခတွေ ဆိုးရွားလာတဲ့ တလျှောက်လုံး အာဆီယံဟာ သံတမန်ရေး နည်းလမ်းတွေနဲ့ ကူညီ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု အရမ်းနည်းပါးခဲ့ပါတယ်။

အာဆီယံ အသိုက်အဝန်းဟာ အရင်က အဖွဲ့ဝင် နိုင်ငံအချင်းချင်း ပြည်တွင်းရေး ဝင်မစွက်ဖို့မူကို ဆွဲကိုင်ထားခဲ့ပေမယ့်လည်း မြန်မာ့အရေးမှာတော့ ဖာသိဖာသာ မျက်နှာလွှဲနေလို့ မရလောက်အောင် ဖိအားတွေ များလာခဲ့ပါတယ်။

နောက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီမှု ပြန်တမ်းတရပ် ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေပေမယ့် အခက်အခဲတချို့ ရှိနေသေးတယ်လို့ သံတမန် အသိုက်အဝန်းနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။ မြန်မာ့အရေးကို သဘောတူ အဖြေရှာလို့ မရသေးကြောင်း၊ ဒါပေမဲ့ အတော်လေးတော့ ခရီးရောက်နေပြီဖြစ်ကြောင်း သူက ပြောပါတယ်။

မြန်မာ့အရေး ကူညီဖြေရှင်းဖို့ မူဝါဒပိုင်းနဲ့ ပတ်သက်ပြီး အာဆီယံ အတွင်းပိုင်းမှာတင် သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က အာဏာသိမ်း စစ်တပ်အပေါ် ပိုပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ တောင်းဆိုနေပြီး ကမ္ဘောဒီးယားနဲ့ လာအိုတို့လို နိုင်ငံတွေက စစ်တပ်နဲ့ ညှိနှိုင်းမှုတွေ ပိုမို လုပ်ဆောင်ဖို့ လိုလားနေပါတယ်။ ထိုင်းကတော့ စစ်တပ်နဲ့ရော၊ တော်လှန်ရေး အစုအဖွဲ့တွေနဲ့ပါ ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးခြားဆွေးနွေးမှုတွေ ရှိနေခဲ့ပါတယ်။

Ref: AFP