ပဲခူး-ကရင်အစပ်ဒေသခံ သုံးရာကျော် တောင်ငူမြို့ပေါ်ကိုတိမ်းရှောင်လာပြီး အကူအညီလိုအပ်နေ

Photo – Social Media

ဇူလိုင်၊ ၂၅

ကရင်ပြည်နယ်သံတောင်ကြီးဒေသခံတချို့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဒေသခံ စုစုပေါင်း သုံးရာကျော်ဟာ တိုက်ပွဲတွေဖြစ်နိုင်တယ်ဆိုတာကြောင့် တောင်ငူမြို့ပေါ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထပ်မံတိမ်းရှောင်လာကြပြီး အကူအညီ လိုအပ်နေကြတယ်လို့ သူတို့ကိုကူညီပေးနေတဲ့ ဒေသခံ ပရဟိတအဖွဲ့ဝင်တဦးက DNAကို ပြောပါ တယ်။

“ကူညီပေးနေတာက စားဝတ်နေရေးနဲ့ ကျန်းမာရေးပါ အကူညီထပ်လိုတာလည်း အဲ့ဒါတွေပါပဲ ရေရှည်ရှောင်ရ မယ်ဆိုရင် နေရာထိုင်ခင်းနဲ့ ဘ၀ရပ်တည်မှုအတွက်အလုပ်အကိုင်ပါ လိုအပ်ပါမယ်”လို့ နေရပ်စွန့်ခွာလာသူတွေ ကို ကူညီပေးနေသူကပြောပါတယ်။

တောင်ငူမြို့ပေါ်မှာ အရင်ကလည်း စစ်ဘေးရှောင်နဲ့ နေရပ်စွန့်ခွာသူတွေ လာရောက်ခိုလှုံနေထိုင်ကြတာရှိပြီး လတ်တလော ရက်ပိုင်းအတွင်း ထပ်မံတိမ်းရှောင်လာသူတွေထဲမှာတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအ ပါအဝင် စုစုပေါင်း လူဦးရေ ၃၂၀ ပါဝင်တယ်လို့သိရပါတယ်။

အဲ့ဒီ နေရပ်စွန့်ခွာလာသူတွေဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သပြေညွန့်ကျေးရွာ၊ပဲခူးတိုင်း ထန်းတပင် မြို့နယ် ဆင်ဆိပ်ကြီး၊တောပု၊မိချောင်းခေါင်း၊ဘုရားကုန်း၊ရွာလေးကုန်း၊စတဲ့ကျေးရွာတွေက ဒေသခံတွေဖြစ်တယ် လို့သိရပါတယ်။

အဲ့ဒီဒေသခံတွေကို လက်နက်ကိုင်တပ်ဖွဲ့တချို့က တိုက်ပွဲတွေဖြစ်လာမှာကြောင့် ရွှေ့ပြောင်းခိုင်းတာလို့ သူတို့ကို ကူညီပေးနေသူကပြောပေမယ့် DNA က သီးခြား အတည်မပြုနိုင်ပါဘူး။

“သပြေညွန့်ကတော့ အကုန်ပြောင်းပြီပြောပါတယ် ကျန်တဲ့ရွာတွေလည်း ပြောင်းခိုင်တယ်လို့ သပြေညွန့် ရွာခံတွေ ပြောပါတယ်၊လက်တလော ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေ စကားအရပါ”လို့ နေရပ်စွန့်လာသူတွေကို ကူညီ ပေးနေသူကပြောပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း၊ကရင်ပြည်နယ်နဲ့ ကယား(ကရင်နီ)ဒေသတွေ ဆက်စပ်နေတဲ့ ဒေသတွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမကြာမကြာဖြစ်တာ၊လက်နက် ကြီးပစ် ခတ်မှုတွေရှိတာတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်ရတာမျိုးတွေရှိနေပါတယ်။

“အများစုကတော့ ရွာနဲ့မဝေးတဲ့ ဘေးကင်းတဲ့ရွာတွေနဲ့ အနီးဆုံးဇရပ်ကြီးမြို့မှာပါ၊အရမ်းဆင်းရဲတဲ့ မိသားစုတချို့ပဲ နဂါးရုံကိုရောက်လာတာပါ”လို့ နေရပ်စွန့်ခွာလာသူတွေကို ကူညီပေးနေသူကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း တောင်ငူအခြေစိုက် ခလရ ၃၉ကို KNLAပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာ ကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့သလို အခုနှစ်ဆန်းပိုင်းတုန်းကလည်း ထန်းတပင်မြို့နယ်ထဲက ဇရပ်ကြီးမြို့ တွင်း အထိ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ဒေသခံသောင်းချီ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။