စစ်ဘေးကြုံနေရတဲ့ သံတွဲမှာ ရေဘေးထပ်ကြုံလို့ လူရေဦးထောင်ချီ ထပ်မံရွေ့ပြောင်းရ

Photo – အရှင်သုနန္ဒ/Lay Waddy FM/CJ

ဇူလိုင်၊ ၂၅

စစ်ဘေးရှောင်ဒုက္ခသည်တွေ အများအပြားရှိနေတဲ့ သံတွဲမှာမိုးသည်းထန်ပြီး ရေလွမ်းမိုးလာလို့ လူဦးရေထောင်ချီ ဘေးလွှတ်ရာ ရွေ့ပြောင်းနေကြရပြီး စားနှပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မိုးမဆက်မပြတ်ရွာသွန်းတာကြောင့် အံတော်ချောင်းရေမြင့်တက်ကာ အံတော်ရွာ၊ သံတွဲမြို့ အမှတ်(၁)၊ အမှတ်(၂) ရပ်ကွက်နဲ့ မြို့ထဲ မာဃလမ်းတို့မှာ ရေကြီးနေတာလို့ဆိုပါတယ်။

“လူတွေ ရွေ့နေကြရတယ်၊ အရေအ တွက်ကတော့ ထောင်ဂဏန်းရှိမယ်၊ အဓိက စားရေးရိက္ခာ အခက်အခဲဖြစ်တာပေါ့၊ နဂိုတည်းကလည်း မဖူလုံဘူးလေ”လို့ ကူညီပေးနေတဲ့ သံတွဲဒေသခံဆရာတော်တပါးက မိန့်ပါတယ်။

သံတွဲမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာ တပတ်ခန့်ရှိပြီဖြစ်ပြီး တောင်ကျရေ များတာနဲ့ မြစ်ရေမြင့်တက်တာတို့ကြောင့် ရေလျှံနေတာလို့ ဆိုပါတယ်။

“ရေကဆက်တိုက်တက်နေတာ!!လို့သံတွဲဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်တွေ သွားရောက်ခိုလှုံနေတဲ့ တောင်ကုတ်နဲ့ ဂွမြို့နယ်အတွင်းမှ ကျေးရွာအချို့မှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်က ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့် ပိတ်ထားတာကြောင့် နဂိုတည်းက စားနှပ်ရိက္ခာအကြပ်အတည်းကြုံနေရချိန် အခုလို ရေကြီးမှုနဲ့ ထပ်ကြုံရတော့ ပိုခက်ခဲစေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

“တချို့ ဆန်တွေ ရေထဲပါသွားတာတွေ ရှိတယ်၊ နဂိုတည်းက ဆန်ရှာမရလို့ နှပ်မမှန်ကြတာ အခု ပိုဆိုးတာပေါ့”လို့ သံတွဲမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

ရေကြီးမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရမှာကိုလည်း စိုးရိမ်ရတယ်လို့ ဒေသခံကူညီပေးနေသူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်အပါအ၀င် မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ  မိုးဆက်လက်များနေပြီး ပထမရေကြီးကာလကို ဆက်လက်ရင်ဆိုင်နေကြရဦးမယ်လို့ မိုးလေ၀သပညာရှင် ဦး၀င်းနိုင်က ခန့်မှန်းထားပါတယ်။

နောက်လာမယ့်သုံးရက်(ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၂၈ ရက်)အတွင်း ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်း(မြိတ်မြို့အထက်ပိုင်း)တွေမှာ မိုးအလွန်မဖားပြီး မိုးရေချိန်  ၃ လက်မကျော်မှ ၉ လက်မအထက်ထိ ရွာသွန်းမယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။