မိုးကုတ်မြို့သိမ်းပိုက်ခံရပြီးနောက် ဗုံးကြဲဖျက်ဆီးဖို့ စစ်လော်ဘီတွေ လှုံ့ဆော်နေ

Photo – MAH

ဇူလိုင်၊ ၂၄

မိုးကုတ်မြို့အခြေစိုက် စစ်ကောင်စီစခန်းတွေအားလုံးကို တအာင်းတပ် TNLA၊ MDY-PDF နဲ့ ပူးပေါင်းတပ်က တိုက် ခိုက်သိမ်းပိုက်ပြီး မြို့ခံလူထုက တော်လှန်ရေးတပ်တွေကို ကြိုဆိုနေကြပုံတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့နောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးပစ်ဖို့ စစ်ကောင်စီလော်ဘီတွေက ရေးသားလှုံ့ဆော်နေကြပါတယ်။

“ပြီးမှပြည်သူပါဆိုပြီးမအော်ဖို့လိုပါတယ်၊ဒီပုံတွေ saveထားပါတယ်၊လောက်ကိုင်လို တရုတ်နယ်စပ်ကပ်နေတဲ့ မြို့တောင် ဗုံးမိုးရွာတာခံနေရတာ၊မိုးကုတ်ဘယ်လောက်ဝေးလို့လဲ၊နောက်ဆုံးတော့ မြို့ပျက်တာပဲ အဖတ်တင် တော့မည်” လို့ စစ်ကောင်စီထောက်ခံသူတွေကြားလူသိများတဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်ကလှုံ့ ဆော် ပါတယ်။

အလားတူ တိံကြားမင်းခေါင်နာမည်နဲ့ တယ်လီဂရမ်ချန်နယ်ကလည်း “သေချာတာကတော့ ငါတို့မနေရရင် မင်းတို့ လည်း မနေရဘူးပေါ့ကွာ”လို့ ရေးသားထားတဲ့အပြင် အာဏာသိမ်းမှုဆန့်ကျင်တဲ့ မိုးကုတ်မြို့ခံတွေကိုဖမ်းဆီးဖို့ စာ ရင်းပြုစုထားတယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းထိုးစစ်တွေစတင်တဲ့ ဇွန်လ ၂၅ရက်က တည်းက မိုးကုတ်မြို့ကိုလည်း ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တလအတွင်းအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ဘက်ကိုတော့ TNLA ပူးပေါင်းတပ်ကထိုးစစ်စတင်ပြီးတပတ်လောက်အကြာ ဇူ လိုင်လဆန်းကတည်းက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ မိုးကုတ်အရှေ့ပိုင်းက စစ်ကောင်စီဗျူဟာစခန်းအပါအဝင် စခန်းအားလုံးကို ဒီကနေ့ညနေငါးနာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်တာလို့ TNLA ကထုတ်ပြန်ထားပါတယ်။

“လွန်ခဲ့တဲ့သုံးပတ်ကစပြီး စစ်ဘေး လက်နက်ဘေး အပြင် ကုန်စျေးနှုန်းမြင့်မားမှုကြောင့် စားဝတ် နေရေးပါအရမ်း ခက်ခဲခဲ့ပါတယ်၊အခုလိုအခြေနေမှာ ထပ်ပြီး လက်နက်ကြီးနဲ့ ဗုံးကြဲဖို့ ပြည်သူတွေကိုဖမ်းဆီးဖို့လှုံ့ ဆော်တယ်ဆို တာ ပြည်သူတွေအပေါ် လုံးဝငဲ့ညှာထောက်ထားခြင်းမရှိဘဲ လူစိတ်မရှိသောအဖွဲ့အစည်းအဖြစ် ပြည် သူတ ယောက်အနေနဲ့အပြင်းအထန်ရှုတ်ချပါတယ်”လို့ မိုးကုတ်အနောက်ပိုင်းဒေသခံတဦးက DNAကိုပြောပါတယ်။

နောက်ထပ်မိုးကုတ်မြို့ခံတချို့ကလည်း စစ်ကောင်စီဟာမြို့ကိုလက်မလွှတ်ရခင်ကတည်းက မိုးကုတ် မြို့ပေါ် လူ နေရပ်ကွက်တွေကိုပါ မချန် လေကြောင်း၊လက်နက်ကြီးနဲ့ တိုက်ခိုက်နေခဲ့သလို မိုးကုတ်မြို့အပြင် တခြားသော လက်လွှတ်ရတဲ့မြို့တွေကိုလည်း အလားတူ တိုက်ခိုက်၊ဖျက်ဆီးမှုနဲ့ လှုံ့ဆော်မှုတွေလုပ်နေခဲ့တာလို့ ပြောကြပါ တယ်။

“မနိုင်ရင် ဒီလိုအသံမျိုး ထွက်မယ်ဆိုတာ ကြိုသိပြီးသားပဲလေ၊ကိုယ့်မြို့မှာမှ မဟုတ်ဖူး တခြားမြို့တွေလည်း သူ တို့မနိုင်ရင်အဲ့လို သတင်းတွေက တင်နေကျပဲ”လို့ လက်ရှိမှာ စစ်ဘေးတိမ်း ရှောင်နေတဲ့ မိုးကုတ်မြို့ခံလူငယ် အ မျိုးသမီးတဦးက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ရှမ်းတောမှာနေထိုင်ပြီး လက်ရှိ စစ်ဘေးရှောင်နေရတဲ့ နောက်ထပ်ဒေသခံ အမျိုးသမီးတဦး ကတော့ မြို့တွင်းမှာကျန်နေခဲ့တဲ့အရပ်သားတွေအနေနဲ့ မပေါ့ဆကြဖို့ အကြံပြုပါတယ်။

“ပျော်တာတော့ပျော်ပေါ့၊မပေါ့ဆစေချင်ဘူးပေါ့နော်၊စစ်ရဲ့သဘောတရားအရ အရင်ကဖြစ်ဖူးခဲ့တဲ့မြို့တွေကိုလည်း နမူနာယူစေချင်တယ်”လို့ သူကဆိုပါတယ်။

စစ်ကောင်စီဟာ အရင်ကလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖို့ကြိုးစားလာတဲ့ မြို့တွေကို တိုက်ပွဲဖြစ်နေချိန် မှာရော သိမ်းပိုက်ခံရပြီးနောက်မှာပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန်တိုက်ခိုက်တာမျိုးတွေ လုပ် လေ့ရှိပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကောလင်းမြို့၊မြို့တွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ထီး ချိုင့်မြို့တို့ကို လေကြောင်းက ဗုံးကြဲတာ၊မြေပြင်စစ်ကြောင်းတွေက လူနေရပ်ကွက်တွေကို  မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့သလို လက်ရှိထိုးစစ်အတွင်း စဉ့်ကူးမြို့ကို  လက်လွှတ်ရချိန်မှာလည်း လေကြောင်းကနေ ဗုံးအလုံးရာချီကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အလားတူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို MNDAA တပ်တွေက ထိုးစစ်ဆင်လာတာကြောင့် မြို့တွင်းတိုက်ပွဲပြင်းထန်ချိန်မှာ လားရှိုးမြို့အပြင် MNDAA ထိန်းချုပ်ထားပြီးတိုက်ပွဲမရှိတဲ့ သိန္နီ၊လောက်ကိုင်စတဲ့ မြို့တွေကိုပါလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေကအပြီးသတ်ထိန်းချုပ်နိုင်သွားပြီဆိုတော့လေကြောင်းရန်ကတော့လာမှာပါ၊အဲ့ဒါပဲစိတ်ပူနေရတာ”လို့ မိုးကုတ်မြို့ ဖောင်တော်ဦးဘုရားအနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

မိုးကုတ်မြို့ကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့တွင်းဝင်ရောက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုမြို့ခံတွေက ကြို ဆိုနေတဲ့ဓာတ်ပုံတွေကို TNLA တပ်ဖွဲ့ဝင်တဦးက လူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့သလို မိုးကုတ်မြို့ခံတဦး ဖြစ်သလို MDY-PDF ဦးဆောင်သူတဦးလည်းဖြစ်တဲ့ ဒေါက်တာစိုးရသူဇော်ကလည်း  ရုပ်သံဖိုင်တချို့ ဖော်ပြထား ပါတယ်။

တော်လှန်ရေးတပ်တွေကို ကြိုဆိုနေကြတဲ့ မြင်ကွင်းနဲ့အတူ “မြို့လူထုရဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေး ရဲ့တွန်းအားပါပဲ”လို့လည်း ဒေါက်တာစိုးရသူဇော်က မှတ်ချက်ပြုပါတယ်။

အဲ့ဒီရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေကို စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေနဲ့ တော်လှန်ရေးအင်အားစုဝင်အများအပြားက ပြန်လည်မျှဝေခဲ့ကြပြီး တော်လှန်ရေးအတွက် အားတက်စရာမြင်ကွင်းလို့ ဆိုကြပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလအတွင်း ကိုးကန့်ဒေသ၊တအာင်းဒေသစတဲ့ ရှမ်း မြောက်က မြို့စုစုပေါင်း ၁၇မြို့ကို လက်လွှတ်ခဲ့ရသလို လက်ရှိထိုးစစ်မှာတော့ နောင်ချို၊မိုးကုတ်နဲ့စဉ့်ကူး မြို့တွေ ကိုလက်လွှတ်ထားရပြီး ကျောက်မဲ၊မိုးမိတ်နဲ့လားရှိူးမြို့တွေဟာလည်း လက်လွှတ်ရဖို့နီးစပ်တဲ့အခြေအနေမှာရှိနေ ပါတယ်။