Photo – Google Map
ဇူလိုင် ၊ ၂၄
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ) ၄၃၇ ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်နေလို့ အဲဒီနားတဝိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။
“မိုးမောက်ဘက်မှာ ဒီတပတ်တောတွင်းမှာတော့ ထိတွေ့တိုက်ပွဲတွေက ဖြစ်ပါတယ်၊ လေကြောင်းကနေ တိုက်ခိုက်တာလည်း ရှိပါတယ်၊ ဒီမနက်ကတော့ ခမရ ၄၃၇ ဘက်မှာ တိုက်ပွဲက ပိုပြီးတော့ ဖြစ်တယ်ဆိုတဲ့ သတင်းကြားပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ဆက်သွယ်ရေးအခက်အခဲကြောင့် မြေပြင်စစ်ရေးအခြေအနေ အသေးစိတ်တော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မိုးမောက်မြို့ကို KIA က မေလအစောပိုင်းကတည်းက ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာကတော့ မြို့အထွက် မိုးမောက်နဲ့ ဗန်းမော်ကြားမှာရှိတဲ့ ခမရ ၄၃၇ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီ ခမရ ၄၃၇ ကို ပြီးခဲ့တဲ့ မေလ ၇ ရက်လောက်ကလည်း KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အလုံးစုံ မသိမ်းပိုက်နိုင်သေးဘဲ ရှိနေတာပါ။
ခမရ ၄၃၇ ရဲ့ အနောက်ဘက် လေးမိုင်ခန့်အကွာမှာတော့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၂၁ အခြေစိုက်တဲ့ ဗန်းမော်မြို့ရှိပါတယ်။ ခမရ ၄၃၇က ဗန်းမော်မြို့အတွက်အရေးပါတဲ့တပ်စခန်းတခုဖြစ်တယ်လို့လည်း KIAသတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။ မိုးမောက်နဲ့ဗန်းမော်က ကိုးမိုင်ကျော်သာ ကွာဝေးတာလည်းဖြစ်ပါတယ်။
အခုတပတ်အတွင်းမှာတော့ ဗန်းမော်မြို့အနီးတဝိုက်မှာလည်း KIA နဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။
ဗန်းမော်မြို့ရဲ့ တောင်ဘက် ရှစ်မိုင်ခန့်အကွာမှာတော့ ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ တို့ အခြေစိုက်ရာ မံစီမြို့ရှိပြီး ထိုးစစ်အတွင်း မံစီမြို့မှာ KIA က စိုးမိုးထားနိုင်ပြီဖြစ်ပေမယ့် တပ်ရင်းနှစ်ခုစလုံးကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းက လိုင်ဇာ၊ ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော်၊ မံစီစတဲ့ ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကစလို့ KIA က ထိုးစစ်ဆင်ခဲ့ပြီး တပ်ရင်းဌာနချုပ်၊ ဗျူဟာကုန်းတွေအပါအဝင် တပ်စခန်းပေါင်းတရာကျော်ကို KIA ဘက်က သိမ်းပိုက်ရရှိထားပါတယ်။
ရှမ်းမြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး မစမီ မေလကုန်ပိုင်းလောက်မှာတော့ ကချင်ဘက်မှာ KIA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်လျှော့သွားပေမယ့် လက်ရှိမှာတော့ တကျော့ပြန်ပြင်းထန်လာနိုင်တဲ့အနေအထားရှိနေတယ်လို့စစ်ရေးစောင့်ကြည့်သူတွေကသုံးသပ်ထားပါတယ်။