အီသီယိုးပီးယားမှာ နှစ်ဆင့်မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေ နှစ်ရာကျော်ထိ မြင့်တက်လာ

ဇူလိုင်၊ ၂၄

အီသီယိုးပီးယားနိုင်ငံမှာ နှစ်ဆင့် မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေဟာ ၂၀၀ ကျော်လွန်လာပြီ ဖြစ်သလို ရုပ်အလောင်းတွေ ထပ်မံ ရှာတွေ့နေဆဲလို့ သိရပါတယ်။

အခုသီတင်းပတ် အစောပိုင်းက အီသီယိုးပီးယား အနောက်တောင်ပိုင်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲရာ ဂိုဖာ ဒေသမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ မြေပြိုမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ကနဦး မြေပြိုမှုမှာ သေဆုံး၊ ပျောက်ဆုံးနေသူ ဒါဇင်အတော်များများ ရှိခဲ့ပြီး နောက်ထပ် နာရီပိုင်းအကြာ ကယ်ဆယ်ရေးအတွက် လူတွေ စုဝေးနေချိန် ဒုတိယအကြိမ် မြေပြိုခဲ့ပြန်တာ ဖြစ်ပါတယ်။

အဲဒီမြေပြိုမှုတွေအတွင်း အနည်းဆုံး ကျေးရွာနှစ်ခုလောက် လုံးဝဥဿုံ အစအန ပျောက်သွားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ စာရင်းတွေအရ အမျိုးသား ၁၄၈ ဦးနဲ့ အမျိုးသမီး ၈၁ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ထားပြီဖြစ်ပြီး အသေအပျောက် ကိန်းဂဏန်းတွေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းထိ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူ ၅ ဦးကိုသာ ရှာတွေ့ခဲ့ပြီး ကျန်တာကတော့ အလောင်းတွေသာ ဖြစ်နေခဲ့ပါတယ်။

မြို့တော် အက်ဒစ်ဘာဘာမှာ အခြေစိုက်တဲ့ အစိုးရက ဂိုဖာဆီ ကယ်ဆယ်ရေးတွေ အမြန်ဆုံး ပို့ဆောင်ပေးမယ်လို့ ပြောကြားထားပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စက်ယန္တရားကြီးတွေ ရောက်ရှိရေးက ကြီးကြီးမားမား စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။

အီသီယိုးပီးယား တောင်ပိုင်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မကြုံစဖူး ထူးထူးကဲကဲ မိုးရွာသွန်းမှုတွေနဲ့အတူ ရေကြီးမှုတွေပါ ဖြစ်ပေါ်ရာက လူပေါင်း သောင်းနဲ့ချီ နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အစီရင်ခံစာ တစောင်မှာတော့ အီသီယိုးပီးယားဟာ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားရတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပြီး အကျိုးဆက်အနေနဲ့ လူပေါင်းသန်းနဲ့ချီ အာဟာရ ချို့တဲ့မှုတွေ ရင်ဆိုင်နေရတယ်လို့လည်း သတိပေး ကြေညာထားပါတယ်။

Ref: Al Jazeera