ဟားခါးမြို့ရဲစခန်းကို CDF က တိုက်ခိုက်ပြီး အချုပ်သား ခြောက်ဆယ်ကျော်ကယ်ထုတ်

Photo – CDF ဟားခါး

ဇူလိုင် ၊ ၂၀

ချင်းပြည်နယ်၊ အစိုးရအဖွဲ့ရုံးစိုက်ရာဟားခါးမြို့ပေါ်ရှိ ဟားခါးမြို့မရဲစခန်းကို ဒီကနေ့ မနက် ၅ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ပြီး အဖမ်းခံထားရတဲ့ အချုပ်သား ၆၂ ဦးကို ကယ်ထုတ်လာနိုင်ခဲ့တဲ့အပြင် သေနတ် အလက် နှစ်ဆယ်ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(CDF) ဟားခါး တပ်မဟာ (၄) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

“ရဲစခန်းဝင်ပြီးတော့ သွားလု(တိုက်)တာ၊ ရဲလေးယောက်ကို ပစ်သတ်ပြီးတော့ ကျန်တဲ့ ရဲတွေတော့ ထွက်ပြေးတာလား၊ ဘယ်ရောက်သွားတာလဲမသိဘူး၊ အဲဒါနဲ့ လက်နက်နှစ်ဆယ်ကျော်ရယ်၊ ပြည်သူ ၆၂ ယောက်ကို အကုန်လုံး လွတ်မြောက်နယ်မြေ ခေါ်လာလိုက်တယ်” လို့ CDF ဟားခါး တပ်မဟာ (၄) တာဝန်ရှိသူက ဆိုပါတယ်။

ကယ်ထုတ်လာ သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသားရော တခြားအကျဥ်းသားတွေရော ပါဝင်ပြီး အမျိုး သမီးကတော့ ၁၃ ဦး ပါလာတယ်လို့သိရပါတယ်။ ရဲစခန်းဝင်ရောက်တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီတပ်ရင်းတွေကနေ စစ်ကူရောက်လာတာမျိုးမရှိသလို လက်ရှိအချိန်မှာလည်း မြို့တွင်း ပစ်ခတ်မှုတွေ မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ ကျဆုံးတာတော့ မရှိဘူး၊ တယောက်၊ နှစ်ယောက် ဒဏ်ရာရတာပဲရှိတယ်၊ ဒါပေမယ့် အဲ့လောက်ကြီးမဟုတ်ဘူး” လို့လည်း CDF ဟားခါး တပ်မဟာ (၄) တာဝန်ရှိသူက DNA ကို ပြောပါတယ်။ CDF ဟားခါးတပ်ဖွဲ့ဝင်တွေဟာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဆုတ် ခွာလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ အခြေ စိုက်စခန်းတွေဆီ ပြန်ရောက်နေပြီလို့ သိရပါတယ်။

ရဲစခန်းအချုပ်ကနေကယ်ထုတ်လာသူတွေကိုတော့ စိစစ်နေဆဲဖြစ်ပြီး သူတို့နဲ့ ပတ်သက်လို့ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ရင်း သုံးရင်းအခြေစိုက်ထားပြီး မြို့ပေါ်ဧရိယာတွေကိုတော့ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်ပေမယ့် မြို့အပြင်ဘက်မှာတော့ တော်လှန်ရေးတပ်တွေပဲ နယ်မြေစိုးမိုးထားတယ်လို့ သိရပါတယ်။