ဗိုလ်ချုပ်သမီး တက်ခွင့်မရတာ လေးနှစ်၊ အာဇာနည်တွေထပ်တိုးခဲ့တာ လေးနှစ်

Photo – Social Media (ပုံစာ- နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေရဲ့ အာဇာနည်နေ့အခမ်းးအနားမြင်ကွင်းတချို့)

ဇူလိုင်၊ ၁၉

အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ ဒီကနေ့ ဇူလိုင်လ ၁၉ ရက်၊ ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရခဲ့ပါဘူး။ 

 စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၄ ခုနှစ်အထိ လေးနှစ်ဆက်တိုက် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းအနားတွေကို တက်ရောက် ခွင့်မရတာဖြစ်ပါတယ်။ 

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ နဝတ၊ နအဖ စစ်အစိုးရတွေလက်ထက်တုန်းကတော့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနားတချို့ တက် ရောက် ခွင့်ပေးခဲ့ပါသေးတယ်။  

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဒီကနေ့ ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်တာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေရဲ့ ထုတ်လွှင့် ချက်အရ သိရပါတယ်။ 

စစ်ကောင်စီဘက်ကတော့ စစ်တပ်မှာ တတိယ အာဏာရှိဆုံးဖြစ်တဲ့ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ် ချုပ်ကြီး မောင်မောင်အေးက အခမ်းအနားကို ကိုယ်စားပြု တက်ရောက်လာတာတွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ အရပ်သားအစိုးရကာလတွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါတက်ရောက်ပြီး အာဇာနည်နေ့ ပုံရိပ် ကိုရှိသင့်တဲ့အတိုင်း မြင့်တက်စေခဲ့ပေမယ့် အာဏာသိမ်းပြီးချိန်ကစလို့ စစ်ဖက်က အမြင့်ဆုံးပုဂ္ဂိုလ်တက်ရောက် ခြင်းမရှိတော့ပါဘူး။

အာဏာစသိမ်းတဲ့ ၂၀၂၁ခုနှစ် အာဇာနည်နေ့တုန်းကဆိုရင် စစ်ကောင်စီဟာ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးနဲ့ ရန်ကုန်တိုင်းစစ်ကောင်စီ ဥက္ကဌတို့ကိုသာဦးဆောင်တက်ရောက်စေခဲ့တဲ့အထိ အာဇာနည်နေ့ပုံရိပ်ကို နိမ့်ကျ စေခဲ့ ပါတယ်။

ဒီကနေ့ အာဇာနည်နေ့အခမ်းအနားအကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကို ဦးဘဝင်းရဲ့ မိသားစုဝင်တွေအပါအဝင် တ ခြား အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ၊ စစ်ကောင်စီ အစိုးရအဖွဲ့ဝင်တွေ၊ သံတမန်အရာရှိတွေနဲ့ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီကနေ့ အာဇာနည်နေ့မှာ စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းတွေရဲ့မျက်နှာဖုံးဒီဇိုင်းကိုအရင် ကထက်ထူးခြားတဲ့ အသွင်အပြင်နဲ့ထုတ်ဝေလာခဲ့တာတွေ့ရပါတယ်။

နိုင်ငံတဝန်းမှာ စစ်ပွဲတွေရှုံးနေပြီး စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုမြင့်တက်နေချိန်မှာမှ အာဇာနည် နေ့ထုတ် စစ်ကောင်စီသတင်းစာ မျက်နှာဖုံးကို အခုလိုပြင်ဆင်လာတာဟာလည်း တိုက်ဆိုင်မှုထက်ပိုတဲ့ ရည်ရွယ် ချက်တွေနိုင်ပါတယ်။

နိုင်ငံတဝန်းဒေသအနှံ့က တော်လှန်ရေးအဖွဲ့အစည်းတွေ၊သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေကတော့ အာဏာ သိမ်းစစ်ကောင်စီရဲ့ စောင့်ကြည့်ထိန်းချုပ်မှုတွေ၊တိုက်ပွဲတွေကြားကပဲ အာဇာနည်ခေါင်းဆောင်တွေကို ဒေသအ လိုက်သင့်တော်ရာနည်းလမ်းတွေနဲ့ အလေးအမြတ်ထားဂုဏ်ပြုနေကြပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အာဇာနည်နေ့အလေးပြု အခမ်းအနားတွေမှာတော့ ၂၀၂၁ခုနှစ်မ တိုင်ခင်ကထက် သတိတရ ဂုဏ်ပြုဦးညွတ်ရသူထောင်ချီထပ်တိုးလာမှာသေချာပါတယ်။

၂၀၂၁ အာဏာသိမ်းမှုအပြီး စစ်ကောင်စိလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား၊တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ သပိတ် အင်အားစုဝင်တွေ၊တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၅၅၀၀ နီးပါး ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအဖွဲ့ AAPP ရဲ့စာရင်းတွေကဖော်ပြပါတယ်။

ဒါဟာ အတည်ပြုကောက်ယူနိုင်တဲ့ အချက်အလက်တွေသာဖြစ်ပြီး လက်တွေ့မြေပြင်မှာတော့ သေဆုံးသူဦးရေ အခုထက်ပိုများနေနိုင်ပါသေးတယ်။

အာဇာနည်ခေါင်းဆောင်တွေကိုအမှီပြုပြီး “အာဇာနည်နေ့”အခမ်းအနားတွေကို ကျင်းပကြတာဖြစ်ပေမယ့် အဲ့ဒီ ခေါင်းဆောင်တွေနဲ့တကွ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ခေတ်သစ်လွတ် လပ်ရေးကြိုးပမ်းမှုလိုဖြစ် လာတဲ့ အာဏာရှင်လက်အောက်က လွတ်မြောက်ရေးတိုက်ပွဲတွေမှာပါဝင်ခဲ့သူတွေကိုလည်း လူထုက အာဇာနည် တွေအဖြစ် ဂုဏ်ပြုဦးညွှတ်နေကြပါလိမ့်မယ်။