Photo – CDF-Daai
ဇူလိုင်၊ ၁၈
ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခတွေမြင့်တက်နေကြချိန် ကန်ပက်လက်နဲ့ မတူပီ ဒေသအခြေစိုက် CDF တပ်ရင်းနှစ်ခုဟာ ချင်းမျိုးနွယ်စု တပ်ဖွဲ့တခုဖြစ်တဲ့ CDF-Daai(ဒိုင်ရ်)နဲ့ပူးပေါင်းလိုက်ပြီလို့ မနေ့က ထုတ်ပြန်ကြပါတယ်။
မတူပီမြို့နယ် အခြေစိုက် CDF- မတူပီ တပ်ရင်းတခုဖြစ်တဲ့ လီစန်းတပ်ရင်းနဲ့ ကန်ပက်လက်မြို့နယ်အခြေစိုက် CDF ကန်ပက်လက် တပ်ရင်းတခုဖြစ်တဲ့ ကေးရှိန်(Kkei Sing)တပ်ရင်းတို့ဟာ CDF-Daai တပ်ဖွဲ့ထဲ ပူးပေါင်း ပါဝင်လိုက်ကြတာဖြစ်ပါတယ်။
လက်ရှိ ချင်းပြည်တော်လှန်ရေးအခင်းအကျင်းအရ ဒိုင်ရ်မျိုးနွယ်စုတွေ တစုတစည်းတည်းပေါင်းစည်းဖို့ လိုအပ် လာတာကြောင့် CDF-Daai အဖြစ်ပူးပေါင်းလိုက်တာဖြစ်တယ်လို့ လီစန်းတပ်ရင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါ တယ်။
အလားတူ ကေးရှိန်(Kkei Sing)တပ်ရင်းကလည်း ဒိုင်ရ်ဒေသတခုလုံးကို အုပ်ချုပ်မှုတခုတည်းနဲ့စုစည်းတည် ဆောက်နိုင်ဖို့ ဒိုင်ရ်ဒေသန္တရကောင်စီ(DRC)ကို ဖွဲ့စည်းပြီးဖြစ်တာကြောင့် DRC ဦးဆောင်မှုအောက်မှာရှိတဲ့ CDF-Daai အဖြစ် ပူးပေါင်းရပ်တည်တာလို့ ဆိုထားပါတယ်။
ဒိုင်ရ်မျိုးနွယ်စုတွေ စုစည်းမှုကတဆင့် ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို စစ် အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးအတွက်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကေးရှိန်(Kkei Sing)တပ်ရင်းကဆိုပါတယ်။
CDF- Daai ဟာ ချင်းပြည်နယ်တောင်ပိုင်းမှာ အများစုအခြေချတဲ့ ဒိုင်ရ်မျိုးနွယ်စုကိုယ်စားပြု တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်ပြီး ဒိုင်ရ်ဒေသန္တရကောင်စီလက်အောက်ခံ တပ်ဖွဲ့အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းကမှ တရားဝင် ရပ်တည်ခဲ့တာပါ။ အဲ့ဒီအဖွဲ့အစည်းနှစ်ခုလုံးကိုတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖွဲ့စည်းခဲ့တာပါ။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ကန်ပက်လက်၊မတူပီနဲ့ပလက်ဝမြို့နယ် လေးခုမှာရှိတဲ့ ဒိုင်ရ်မျိုးနွယ်စုတွေကို ပေါင်းစည်းနိုင်ရေးကြွေးကြော်ချက်နဲ့ ဒိုင်ရ်ဒေသန္တရကောင်စီ(DRC)ကို အခုနှစ်မေလအတွင်းကျင်းပတဲ့ ဒိုင်ရ်ပြည် သူ့ညီလာခံအပြီးမှာစတင်ဖွဲ့စည်းခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် CDF-Daai တပ်ဖွဲ့ဟာ မူလက ချင်းအမျိုးသားတပ်မတော် CNA/CNF ဦး ဆောင်တဲ့ ချင်းပြည်ကောင်စီ(CC)မှာ ပါဝင်ခဲ့ပေမယ့် ဒိုင်ရ်ဒေသန္တရကောင်စီဖွဲ့စည်းနိုင်ခဲ့ပြီးလပိုင်းအကြာမှာ ချင်း ပြည်ကောင်စီကနေနှုတ်ထွက်ခဲ့ပါတယ်။
ဒိုင်ရ်မျိုးနွယ်စု အုပ်ချုပ်ရေးအစုအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးကိုပြန်လည်စုစည်းတဲ့ကာလအတွင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်တာဖြစ်တယ်လို့ CDF-Daai က ဇူလိုင် ၁၂ရက်မှာ ချင်းပြည် ကောင်စီ ဆီပေးပို့တဲ့ နှုတ်ထွက်စာမှာအသိပေးထားပါတယ်။
CDF-Daai တပ်ဖွဲ့ နှုတ်ထွက်သွားတာနဲ့ပတ်သက်လို့ ချင်းပြည်ကောင်စီဘက်က သဘောထားကိုမသိရသေး ပေ မယ့် ချင်းပြည်ကောင်စီအစည်းအဝေးအပြီး မနေ့က ထုတ်ပြန်တဲ့ အစည်းအဝေးဆွေးနွေးချက်တွေမှာတော့ ဒိုင်ရ် မျိုးနွယ်စုတွေ တစုတဖွဲ့တည်းပေါင်းစည်းကာ ချင်းပြည်ကောင်စီမှာပူးပေါင်းပါဝင်လာနိုင်ရေး ဆွေးနွေးခဲ့ကြ တယ်လို့ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ မေလအတွင်း ဒိုင်ရ်ပြည်သူ့ညီလာခံကိုကျင်းပခဲ့ပြီး ညီ လာခံ အနေနဲ့ ဒိုင်ရ်နယ်မြေဒေသတွေကိုပြန်လည်ပေါင်းစည်းဖို့သဘောတူပြီး ဖွဲ့စည်းပုံအခြေခံမူတွေရေးဆွဲ အ တည်ပြု ကာ ဒိုင်ရ်ဒေသန္တရကောင်စီကိုဖွဲ့စည်းခဲ့တယ်လို့ဖော်ပြထားပါတယ်။
ကန်ပက်လက်၊မင်းတပ်၊မတူပီနဲ့ပလက်ဝမြို့နယ်တွေထဲက ခေတ်အဆက်ဆက်ပိုင်းခြားအုပ်ချုပ်ခံခဲ့ရတဲ့ ဒိုင်ရ်နယ် မြေတွေကို ဒိုင်ရ်ဒေသန္တရကောင်စီရဲ့ ဦးဆောင်မှုနဲ့ အုပ်ချုပ်မှုတခုတည်း၊တစုတစည်းတည်းပြန်လည်ထားရှိကာ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါတယ်။
ဒါ့အပြင် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ချင်းပြည်တည်ဆောက်ရေးမှာ ဘက်လိုက်မှုမရှိဘဲ ချင်းတော်လှန် ရေးအင်အားစုအားလုံးနဲ့ လက်တွဲပူးပေါင်းကြိုးပမ်းသွားမယ်လို့လည်းဖော်ပြခဲ့ပါတယ်။
လက်ရှိချင်းပြည်နယ်အတွင်းမှာ CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ(CC)နဲ့ အာရက္ခတပ်တော်AA၊ ယောကာ ကွယ်ရေးတပ်တို့လို့မဟာမိတ်တပ်တွေလည်းပါဝင်တဲ့ ချင်းညီနောင်(CB) ပူးပေါင်းတပ်တွေကြား ပဋိပက္ခတွေ ရှိနေပါတယ်။
ဒီလိုချင်းပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို အဖွဲ့အစည်းအချင်းချင်း အကြား တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းနိုင်ရေး ဇူလိုင် ၁၀ရက်ကနေ ၁၃ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့တဲ့ ကောင်စီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့လည်း ချင်းပြည်ကောင်စီကထုတ် ပြန်ထားပါတယ်။