ကမ္ဘာပေါ်မှာ အရှားပါးဆုံး၊ အသိရအခက်ဆုံး မျိုးစိတ်ဝင် ဝေလငါးတကောင် နယူးဇီလန်မှာ သေဆုံး

ဇူလိုင် ၊ ၁၇

နယူးဇီလန် ကမ်းခြေတခုမှာ သေဆုံးလျက် တွေ့ရှိခဲ့တာဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ဝေလငါး မျိုးစိတ်တခု ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။

ဂေါ်ပြားပုံသွားတွေ ပါဝင်တဲ့ အဲဒီ ဝေလငါး မျိုးစိတ်ဟာ ဘယ်လောက်ထိ ရှားပါးသလဲ ဆိုရင် အသက်ရှင်လျက် ရှာတွေ့ဖူးတာ တကောင်မှ မရှိခဲ့ပါဘူး။ ဝေလငါး အသေကောင်တွေ မျောပါလာတဲ့ ဖြစ်စဉ် တချို့ကြောင့်သာ ကမ္ဘာပေါ်မှာ အဲဒီ ဝေလငါးမျိုးစိတ် ကမ္ဘာပေါ်မှာ ရှင်သန်နေတယ် ဆိုတာကို လူသားတွေ သိရှိရတာ ဖြစ်ပါတယ်။

၅ မီတာရှည်တဲ့ ဝေလငါးကြီးရဲ့ ဦးခွံ၊ နှုတ်သီးနဲ့ သွားတွေကို တိုက်ဆိုင် စစ်ဆေးပြီးတဲ့နောက် အခုလဆန်းမှာ ရှာတွေ့ခဲ့တာဟာ ကမ္ဘာ့အရှားပါးဆုံး မျိုးစိတ်ဝင် ဂေါ်ပြားပုံ သွားတွေနဲ့ ဝေလငါး တစ်ကောင်လို့ ပညာရှင်တွေက ကောက်ချက်ချခဲ့တာပါ။ ဝေလငါး အသေကောင်ကြီးကို အအေးခန်းထဲမှာ သိုလှောင် သိမ်းဆည်းထားပြီး DNA စစ်ဆေးချက်နဲ့ အတည်ပြုဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။

အသက်ရှင်လျက် တခါမှ ရှာမတွေ့ဖူးတဲ့ အတွက်လည်း အဲဒီဝေလငါးတွေရဲ့ နေထိုင်မှု ပုံစံတွေ၊ အလေ့အထတွေအကြောင်း လူသားတွေ သိထားတာ မရှိသလောက် နည်းပါတယ်။ နယူးဇီလန်ရဲ့ အော့တာဂို ဒေသမှာ ရှာတွေ့တဲ့ ဝေလငါး အသေကောင်ကြီးကို အကြောင်းပြုပြီး အဲဒီမျိုးစိတ်ရဲ့ လျှို့ဝှက်နက်နဲတဲ့ အကြောင်းတွေကို ပိုမို သိရှိခွင့် ရလာဖို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။

၁၈၇၄ ခုနှစ်တုန်းက နယူးဇီလန်ရဲ့ ချာသမ်ကျွန်းစုမှာ အောက်မေးရိုးနဲ့ သွားနှစ်ချောင်း ရှာတွေ့ရာက အဲဒီလို ဝေလငါးမျိုးစိတ် ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ စတင်ရရှိလာခဲ့တာပါ။ နောက်တော့ နယူးဇီလန်နဲ့ ချီလီ ကမ်းခြေတွေမှာ အရိုးစုတွေ ရှာတွေ့ရာက လူသားတွေ လုံးဝ မသိမမြင်ဖူးတဲ့ ဝေလငါးတမျိုး ကမ္ဘာပေါ်မှာ ရှင်သန် ကျက်စားနေတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီ ဝေလငါးတွေနဲ့ ပတ်သက်လို့ နောက်ထပ် အထောက်အထားဆိုလို့ ၂၀၁၀ နဲ့ ၂၀၁၇ တုန်းက နယူးဇီလန် မြောက်ပိုင်းမှာ ထပ်မံ တွေ့ရှိတဲ့ ဝေလငါး အသေကောင် နှစ်ကောင်ကိုသာ တွေ့ဖူး မြင်ဖူးထားခဲ့ပါတယ်။

Ref: BBC