နောင်ချိုနဲ့မိုးမိတ်မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီအတွဲလိုက်ဒုံးကြောင့် မိုးကုတ်မှာ ကလေးတဦး အပါအဝင် အရပ်သား နှစ်ဦးသေဆုံး

Photo – TNLA
ဇူလိုင်၊ ၁၆

ရှမ်းမြောက်မှာ တဖက်သတ်အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တို့မှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။

မိုးမိတ်မြို့ အနီးက တောင်ကိုင်းရွာဘက်ကို စစ်ကောင်စီ စကခ -၂၁၊ခလရ ၂၇၆ တပ်တွေ ထိုးစစ်ဆင်လာတာ ကြောင့် TNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ၆၀မမ လက်နက်ကြီးတလက်အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်တွေသိမ်းဆည်းရရှိတယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဖော်ပြမထားပါဘူး။အလားတူ နောင်ချိုမြို့နယ် ကန်ကြီးရွာနဲ့ သရက်ကုန်းရွာတွေအနီးမှာလည်း ဒီကနေ့ မနက် ကိုးနာရီကျော်မှာ စစ်ကောင်စီဘက်က ထိုးစစ် ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။

ဒါ့အပြင် မနေ့ညကလည်း နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနဲ့ ရေဝင်တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သဲခေါ် ရွာအနီးက TNLA ပူးပေါင်းတပ်စခန်းဘက်ကို ဒရုန်းနဲ့နှစ်ကြိမ်၊လက်နက်ကြီးသုံးကြိမ်တိုက်ခိုက်ခဲ့သေးတယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မိုးကုတ်မြို့နယ်မှာတော့ TNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ဘက်ကို စစ် ကောင်စီရဲ့ မိုးကုတ်ဗျူဟာကုန်းကနေ မနေ့ည ကိုးနာရီဝန်းကျင်လောက်က အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ် တာ ကြောင့် အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျကာ ခုနစ်နှစ်အရွယ်ကလေးတဦးနဲ့ အသက်လေးဆယ်အရွယ် အမျိုးသမီးတဦး သေဆုံးသွားပါတယ်။

ဒါ့အပြင် အသက်ရှစ်ဆယ်ကျော်အရွဘ် အမျိုးသမီးတဦးအပါအဝင် နောက်ထပ် အရပ်သားလေးဦးလည်း ထိခိုက် ဒဏ်ရာတွေရခဲ့ကြပြီး ဒဏ်ရာရသူတွေထဲ ၁၄နှစ်အရွယ် အရွယ်မရောက်သေးတဲ့ မိန်းကလေးတဦးလည်းပါဝင် တယ်လို့ TNLA  သီးခြားထပ်မံထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ပွဲတွေအတွင်း လားရှိုးမြို့နဲ့ အနီးတ ဝိုက်ဒေသ အခြေစိုက် စစ်ကောင်စီတပ်တွေကိုထိုးစစ်ဆင်နေတဲ့ ကိုးကန့်တပ် MNDAA အပါအဝင် မဟာမိတ် တပ်တွေက ဇူလိုင် ၁၄ ရက် ညသန်းခေါင် ကနေ ၁၈ရက်အထိ တဖက်သတ်အပစ်ရပ်တယ်လို့ ကြေညာထားပါတယ်။

ဒါပေမယ့် လားရှိုးမြို့နဲ့ အနီးတဝိုက်အပါအဝင် ရှမ်းမြောက်မှာ ပစ်ခတ်မှုတွေဒီကနေ့အထိ ဆက်ရှိနေဆဲဖြစ်သလို အရပ်သားသေဆုံးထိခိုက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောထားကြပါတယ်။

တအာင်းတပ် TNLA ကတော့ တဖတ်သတ်အပစ်ရပ်ကြေညာပြီးနောက် နှစ်ရက်အတွင်း စစ်ကောင်စီလက်ချက်နဲ့ အရပ် သားနှစ်ဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း မိုးကုတ်နဲ့ရှမ်းမြောက်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်သေဆုံးတဲ့ အရပ်သား ၆၉ဦး၊ဒဏ်ရာရသူ ၁၁၁ ဦးအထိ ရှိပြီလို့လည်းဆိုပါတယ်။