ယူကရိန်း လေပိုင်နက်ထဲက ရုရှားဒုံးကျည်တွေကို ကူညီပစ်ချပေးဖို့ စဉ်းစားနေကြောင်း ပိုလန်ဆို

ဇူလိုင် ၊ ၁၃

ယူကရိန်း လေပိုင်နက်ထဲထိ ဝင်ရောက်ပြီး ရုရှားဒုံးကျည်တွေကို ကူညီ ပစ်ချပေးဖို့ ကိစ္စကို အလေးအနက် စဉ်းစားနေတယ်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရာဒိုဆလော် ဆီကောစကီးက ရုရှားက ယူကရိန်းဆီ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ယူကရိန်း လေပိုင်နက်ထဲမှာ ရှိနေတဲ့တိုင် ပိုလန်နဲ့ အရမ်းနီးကပ်နေရင် ကူညီ ပစ်ချပေးဖို့ ယူကရိန်း အစိုးရရဲ့ အဆိုပြုချက်ကို လက်ခံ စဉ်းစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ် အစောပိုင်းက ပိုလန်ရဲ့မြို့တော် ဝါဆောဆီ ယူကရိန်း သမ္မတဗိုလိုဒီမာ ဇီလန်စကီး သွားရောက်ခဲ့တဲ့ အချိန်တုန်းက နှစ်ဖက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ရာမှာ ယူကရိန်းက အခုကိစ္စကိုပါ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်တော့ အဲဒီကိစ္စဟာ စိတ်ကူးထားရုံ အဆင့်မှာသာ ရှိနေသေးကြောင်း၊ နှစ်နိုင်ငံစလုံးက အဲဒီစိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခြေ ရှိမရှိ နက်နက်ရှိုင်းရှိုင်း သုံးသပ်လေ့လာဖို့ လိုလားကြကြောင်း ဝါရှင်တန်ကို NATO ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဆီကောစကီးက ဖိုရမ်တခုမှာ ပြောကြားသွားပါတယ်။

စစ်ပွဲကာလတလျှောက် ရုရှားဒုံးကျည် တချို့ကို စိန့်ပီတာစဘာ့ဂ် မြို့တဝိုက်ကနေ ပစ်လွှတ်တဲ့အခါ ပိုလန်နယ်စပ်နဲ့ နီးနီးကပ်ကပ် တည်ရှိတဲ့ ယူကရိန်းပိုင် လာဗစ်ဗ်မြို့ကို ဦးတည်လေ့ ရှိကြောင်း၊ အဲဒီ ဒုံးကျည်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းဟာ ဘီလားရုစ် လေပိုင်နက်ကို ဖြတ်ပြီး ပိုလန် လေပိုင်နက် အစွန်အဖျားမှာ စက္ကန့် ၄၀ လောက် ပျံသန်းပြီး ယူကရိန်းက ပစ်မှတ်တွေဆီ ဦးလှည့်သွားလေ့ရှိကြောင်း သူက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ စက္ကန့်ပိုင်းလောက် အချိန်လေးအတွင်း ပိုလန်က တုံ့ပြန်နိုင်ဖို့ဆိုတာ အခက်အခဲတွေ အများကြီး ရှိနိုင်တယ်လို့လည်း ဆီကောစကီးက ဝန်ခံခဲ့ပါတယ်။

ပထဝီဝင် အနေအထားအရ ပိုလန်ဟာ စစ်မြေပြင်နဲ့ အရမ်းနီးနီးကပ်ကပ် တည်ရှိတဲ့ နိုင်ငံဖြစ်နေပြီး ရုရှားရဲ့ ဒုံးကျည်တွေ လေပိုင်နက် ကျူးကျော်မှုတွေဟာ တမင်ရည်ရွယ်တာ မဟုတ်ဘူးလို့လည်း ယုံကြည်လို့ ပိုလန်က လွန်ကဲတဲ့ တုံ့ပြန်မှုတွေတော့ မလုပ်ခဲ့ကြောင်း သူက ဆိုပါတယ်။

ဒါပေမဲ့ အခုအခါ ယူကရိန်း ကိုယ်တိုင်က လိုလိုလားလားနဲ့ သူတို့နိုင်ငံ လေပိုင်နက်ထဲထိ ဝင်ရောက်ပြီး ရုရှားဒုံးကျည်တွေကို ပစ်ချဖို့ အဆိုပြုလာသလို အဲဒီ ဒုံးကျည်တွေဟာ ပိုလန် လေပိုင်နက်ကို ချိုးဖောက် ထိပါးမှုလည်း ရှိလာပြီ ဆိုရင်တော့ ဒီကိစ္စကို အလေးအနက် ပြန်စဉ်းစားသင့်တယ်လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။ သူ့အမြင်အရ ဒီတုံ့ပြန်မှုဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုတဲ့ စံနှုန်းနဲ့ အကျုံးဝင်ကြောင်း၊ ဘာပဲဖြစ်ဖြစ် လက်တွေ့ အကောင်အထည် ဖော်ဖို့က ညှိနှိုင်းရမှာတွေ အများကြီး ကျန်နေသေးကြောင်း ဆီကောစကီးက ပြောကြားသွားခဲ့ပါတယ်။

နောက်ပြီး တကယ်လို့ ယူကရိန်း လေပိုင်နက်ထဲမှာ ရုရှားဒုံးကျည် တစင်းကို ပစ်ချလိုက်တဲ့အခါ အပျက်အစီး အစအနတွေက နယ်စပ်နဲ့ နီးနီးကပ်ကပ် တည်ရှိနေရာ ပိုလန် အရပ်သား ဧရိယာတွေကို ခြိမ်းခြောက်လာနိုင်တဲ့ ပြဿနာလည်း ရှိနေသေးတယ်လို့ သူက ဆိုတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ဘီလားရုစ် နယ်စပ်နဲ့ ၅၀၀ ကီလိုမီတာ ကွာဝေးရာ ဘစ်ဒ်ဂေါ့ဇ် ဒေသမှာရှိတဲ့ သူ့ရဲ့ နေအိမ်နားကို အမျိုးအမည်မသိ ရုရှားဒုံးကျည်တစင်း ကျရောက်ခဲ့ဖူးပေမယ့် လူတွေတော့ အထိအခိုက် မရှိခဲ့ဘူးလို့ ဆီကောစကီးက ပြောပါတယ်။

အဲဒီမတိုင်ခင် တလလောက် အလိုတုန်းကလည်း ယူကရိန်း ပစ်ချလိုက်တဲ့ ရုရှားဒုံးကျည် တစင်းရဲ့ အစအနတွေဟာ ပိုလန် နယ်စပ်နားမှာ ကျရောက်ခဲ့ရာက ပိုလန် အရပ်သား ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။

Ref: BBC