သံတွဲမှာလက်နက်ကြီးကြောင့် တပတ်ကျော်အတွင်း အရပ်သားသုံးဦးသေဆုံး၊ ဆယ်ဦးကျော်ဒဏ်ရာရ

Photo-APN (ပုံစာ-ဇူလိုင်၂ရက်ကသံတွဲမြို့နယ်မြုံပြင်ရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရစဥ်)

ဇူလိုင်၊ ၁၁

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ လက်နက်ကြီးကြောင့် တပတ်ကျော်ကာလအတွင်း အရပ်သားသုံးဦးသေဆုံးပြီး ဆယ်ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ DNAကစုစည်းခဲ့တဲ့အချက်အလက်တွေအရသိရပါတယ်။

ဒီကနေ့ ဇူလိုင်၁၁ရက် နံနက်ပိုင်းကသံတွဲမြို့နယ်ပဒဲကောရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ အသက်၅၀အရွယ်

အမျိုးသမီးတဦးသဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

မနေ့က ဇူလိုင်၁၀ရက်ကလည်းသံတွဲမြို့နယ် ကျောက်ဆိပ်ရွာမှာ စစ်ကောင်စီဖက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်လို့အမျိုးသမီးတဦးနဲ့အမျိုးသားတဦးသေဆုံးပြီး၅ဦးလောက်ဒဏ်ရာရခဲ့ပါတယ်။

“အဲဒီဖက်တွေမှာတိုက်ပွဲဖြစ်နေလည်းမဟုတ်ပါ၊ ရမ်းသမ်းပစ်နေတာစစ်တပ်က”လို့ သံတွဲဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်သံတွဲမြို့ပေါ်က အသက် ၆၀ ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင်ဇူလိုင်လ ၂ ရက်နေ့ကစစ်ကောင်စီ လေကြောင်းက ဗုံးကြဲလို့သံတွဲမြို့နယ် မြုံပြင်ကျေးရွာက အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဖက်က အရပ်သားတွေပါမချန် တိုက်ခိုက်နေလို့ ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ နေထိုင်သွားလာကြဖို့လည်း ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတွေက အကြံပြုထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းသံတွဲမြို့ကို ထိုးစစ်ဆင်နေတဲ့အာရက္ခတပ်တော်(AA)က စစ်ကောင်စီတပ်ရင်း၊တပ်စခန်းနဲ့မြို့နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

စစ်ရေးအထိနာနေတဲ့စစ်ကောင်စီကတော့ သံတဲဲမြို့လက်လွတ်ရရင် နယ်မြေချင်းထိစပ်နေတဲ့ ရခိုင်တောင်ပိုင်းအစွန်ဆုံး ဧရာဝတီတိုင်းအစပ်ဂွမြို့နယ်ကနေ ခုခံဖို့ပြင်ဆင်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီကသိရပါတယ်။