မီးဘေး၊ ရေဘေးတွေကြောင့် ရန်ကုန်မှာ ကိုရင်တပါး၊ ကလေးတဦးအပါအဝင် တရက်တည်း သုံးဦးသေဆုံး၊ ရှစ်ဦး ရေနစ်ပျောက်ဆုံးနေ

Photo – ရောင်စဉ်မဲ့လူမှုကူညီရေးမသင်း/သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့

ဇူလိုင်၊ ၁၀

လှည်းကူးမြို့နယ်အပါအဝင် ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ ဒီကနေ့ တရက်တည်း ရေနစ်တာ၊မီးလောင်တာတွေ ကြောင့်ကိုရင်တပါးနဲ့ ကလေးတဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ရှစ်ဦးကတော့ ရေနစ်ပျောက်ဆုံးနေတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။

ဒီကနေ့ မနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာပဲ ရေနစ်သေဆုံးတာ၊စက်လှေမှောက်တာ၊နေအိမ်မီးလောင်တာနဲ့ ဆီ သယ်ယာဉ်ပေါက်ကွဲ မီးလောင်မှုတွေကြောင့် အရွယ်မရောက်သေးတဲ့ကလေးတွေအပါအဝင် စုစုပေါင်း လူနှစ် ဆယ်လောက် အသက်ဘေးကြုံခဲ့ကြတာဖြစ်ပါတယ်။

အထက်ပါ ဖြစ်စဉ်တွေကြောင့် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်မှာ ကိုရင်တပါး၊သာကေတမြို့နယ်မှာ ကလေးတဦး၊ ဒဂုံဆိပ်ကမ်းမှာ အမျိုးသားတဦး သေဆုံးခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြစ်အတွင်း စက်လှေ(သမ္ဗာန်) တိမ်း မှောက်မှုမှာတော့ လူရှစ်ဦးပျောက်ဆုံးနေတာကြောင့် လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်မှုတွေလုပ်နေပါတယ်။

ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းကနေ ရေမိုင် ငါးဖာလုံအကွာ ရန်ကုန်မြစ်အတွင်း စုစုပေါင်း လူ၁၇ဦး လိုက်ပါလာတဲ့ သမ္ဗာန်တစီး ဒီကနေ့မနက်ရှစ်နာရီဝန်းကျင်မှာတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါသူတွေထဲက ကိုးဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ သမ္ဗာန်ပေါ်မှာ လိုက်ပါလာသူအများစုဟာ ကျောင်းသားတွေဖြစ်တယ်လို့လည်း ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတွေ က ပြောဆိုထားပါတယ်။

အခင်းဖြစ်စဉ်မှာကယ်ဆယ်ရေးလုပ်ငန်းတွေကူညီဆောင်ရွက်ပေးခဲ့တဲ့ ကြည့်မြင်တိုင်အခြေစိုက် ရောင်စဉ်မဲ့ လူမှု ကူညီရေးအသင်းတာဝန်ရှိသူတဦးကတော့ ပျောက်ဆုံးနေသူရှစ်ဦးထဲ ကျောင်းသားကလေးငယ် သုံးဦးနဲ့ စက်လှေ ခရီးသည်ငါးဦး ပါဝင်တယ်လို့ ပြောပါတယ်။

တိမ်းမှောက်သွားတဲ့ စက်လှေဟာရန်ကုန်မြစ်ထဲခုတ်မောင်းရင်း အမှိုက်တွေနဲ့ငြိသွားတာကြောင့် ဖယ်ရှားနေချိန် မှာ မြစ်ထဲရပ်ထားတဲ့ သင်္ဘောတစီးနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့လည်းသိရပါတယ်။

အခင်းဖြစ်အပြီး ခုနစ်နာရီလောက်အကြာ ဒီကနေ့ နေ့လယ် သုံးနာရီအထိတော့ စက်လှေတိမ်းမှောက်မှုအတွင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။

ဒါ့အပြင် လှည်းကူးမြို့နယ် လှည်းကူး-ဖောင်ကြီးလမ်းပေါ်မှာရှိတဲ့ ကဒစ်ကျေးရွာက မဇ္ဈိမဂုဏ်ရည် ဘုန်းတော်ကြီး ကျောင်းအတွင်းမှာလည်း ဒီကနေ့မနက် ခုနစ်နာရီခွဲလောက်က ၁၃နှစ်အရွယ် ကိုရင်တပါး ရေနစ်ပြီးပျံလွန်ခဲ့ ပါ သေးတယ်။

ပျံလွန်သူဟာ ကိုရင် ရှင်နန္ဒာစာရ ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းက ရေကန်မှာပဲ ရေနစ်ခဲ့တာဖြစ်တယ်လို့ ရုပ်အလောင်းကို အခင်းဖြစ်နေရာကနေ မြို့နယ်ဆေးရုံဆီပို့ပေးခဲ့တဲ့ လှည်းကူးမြို့နယ်အခြေစိုက် ကရုဏာရှင် နာ ရေးကူညီမှုအသင်းဆီက သိရပါတယ်။

အလားတူ သာကေတမြို့နယ် အနော်မာရပ်ကွက် တပ်ဖွဲ့လမ်းက ၁/နေအိမ်တအိမ်မှာလည်း ဒီကနေ့မနက် ခုနစ် နာရီလောက်က မီးလောင်မှုဖြစ်ခဲ့ပြီး အသက်ရှစ်နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ပါတယ်။အခင်းဖြစ်ချိန်အဲ့ဒီ နေအိမ်မှာ ကလေးတဦးတည်းကျန်ရှိနေတာလို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၇၇ရပ်ကွက် ပဲခူးမြစ်လမ်းမှာလည်း ဒီကနေ့ နေ့လယ် တနာရီခွဲလောက်က ကားဝပ်ရှော့မှာ ပြုပြင်နေတဲ့ ဆီဘောက်ဆာယာဉ် ပေါက်ကွဲမီးလောင်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ မီး သတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။