အီရန်မှာ လေယာဉ် အင်ဂျင်ထဲ စုပ်သွင်းခံရလို့ စက်ပြင်တဦး သေဆုံး

ဇူလိုင်၊ ၁၀

အီရန်နိုင်ငံမှာ လေယာဉ်အင်ဂျင်ထဲ စုပ်သွင်းခံလိုက်ရတဲ့ လေကြောင်း စက်ပြင် ပညာရှင်တဦး သေဆုံးသွားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန်တောင်ပိုင်း၊ ချာဘာဟာ ကိုနာရက်ခ် လေဆိပ်မှာ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

Boeing ကုမ္ပဏီက ထုတ်လုပ်တဲ့ ခရီးသည်တင် လေယာဉ်တစီးဟာ မြို့တော် တီဟီရန်ကနေ ချာဘာလာ ကိုနာရက်ခ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ပုံမှန် လုပ်ထုံးလုပ်နည်းတွေအတိုင်း လေယာဉ်ရဲ့ စက်ပိုင်းနဲ့ ရုပ်ပိုင်း ကြံ့ခိုင်မှု အခြေအနေတွေကို လေဆိပ်မှာ စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် လေယာဉ်ရဲ့ ညာဖက် အင်ဂျင်ကို မောင်းနှင်ထားပြီး အနီးတဝိုက်မှာ လူတွေ ဖြတ်သန်းခွင့် မပေးတဲ့ တားမြစ်ဇုန် တခုကို ယာယီ သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ဒေသခံ လေကြောင်းစက်ပြင် တဦးဖြစ်တဲ့ အဘိုဖာဖယ်လ် အာမီနီက သူ့ရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းတခုကို ဝင်ယူရင်း လေယာဉ်အင်ဂျင်ရဲ့ စုပ်သွင်းမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ် တခုလုံး ဝင်ရောက်သွားချိန်မှာ အင်ဂျင်က မီးထလောင်ခဲ့ပြီး အာမီနီလည်း သေဆုံးသွားခဲ့ပါတယ်။ လေဆိပ်ရဲ့ မီးသတ်ဌာနက အမြန်ဆုံး ရောက်ရှိလာပြီး လေယာဉ်အင်ဂျင်မှာ စွဲလောင်နေတဲ့ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် စက်ပြင်ဆရာကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ရုပ်ကြွင်း အစအနတွေကို အတော်လေး ဆိုးရွားတဲ့ အခြေအနေနဲ့သာ ပြန်လည် ရရှိခဲ့ပါတယ်။

ပြည်တွင်းက Varesh လေကြောင်းလိုင်းပိုင် လေယာဉ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အီရန် အာဏာပိုင် အဖွဲ့အစည်းတွေက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

မေလတုန်းကလည်း နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာရှိတဲ့ ရှီဖိုလ်လေဆိပ်မှာ အလားတူ အင်ဂျင်ထဲ စုပ်သွင်းခံရလို့ အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်း တချို့ဟာ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှု ကုထုံးတွေကိုတောင် ခံယူခဲ့ရကြောင်း သိရှိရပါတယ်။

Ref: Bild