ကိန်းဂဏန်းတွေကဖော်ပြတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအခြေအနေ

ဇူလိုင်၊ ၁၀
၁၀၂၇ စစ်ဆင်ရေး အဆက်လို့ ကြွေးကြော်ပြီး တအာင်းတပ် TNLA၊ MDY-PDF တို့အပါအဝင် တော်လှန်ရေး ပူး ပေါင်းတပ်တွေက ဇွန်လ ၂၅ရက်မှာ တကျော့ပြန်ထိုးစစ်တွေစတင်ခဲ့ကြပါတယ်။
နောင်ချို၊မိုးကုတ်၊ကျောက်မဲ၊မိုးမိတ်၊မတ္တရာ၊စဉ့်ကူး စတဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း ထိစပ်ဒေသထဲက မြို့နယ် တွေမှာ တပြိုင်တည်းစတင်ခဲ့တဲ့ အဲ့ဒီထိုးစစ်ကို ၁၀၂၇ ဒုတိယလှိုင်းလို့ သိကြသလို ရှမ်း-မန်းစစ်ဆင်ရေးအဖြစ် လည်းမှတ်ယူကြပါတယ်။
 
ပထမလှိုင်းတုန်းကလိုပဲ ရှမ်း-မန်း ထိစပ်မြို့နယ်တွေကထိုးစစ်တွေနဲ့ စတင်တဲ့ ၁၀၂၇ ဒုတိယလှိုင်းဟာ လက်ရှိမှာ သီပေါ၊မိုးမိတ်တို့အပြင် စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့တွေအထိ စစ်နယ်ဝန်းကျယ် ပြန့်နေပြီဖြစ်ပါတယ်။
 
မနေ့ကအထိ ၁၅ရက် ရှိပြီဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်းက သတိပြုဖွယ်ရာ ကိန်းဂဏန်းအချက်အလက် တချို့ကို DNA က စုစည်းပေးထားပါတယ်။
 
သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေ၊ဒေသတွင်းအဖွဲ့အစည်းတွေ၊မြေပြင်ကင်းထောက်အဖွဲ့တွေရဲ့ ထုတ်ပြန် ချက်နဲ့ မြေပြင်အတည်ပြုချက်တွေကို ကိုးကားပြီး DNAကပြန်လည်စုစည်းထားတဲ့ အချက်အလက်တွေဖြစ်ပါ တယ်။
 
🔷 ၂
ရှမ်း-မန်းစစ်ဆင်ရေး ၁၅ရက်တာကာလအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့အရေအ တွက်ဖြစ်ပါတယ်။လက်ရှိထိုးစစ်တွေအတွင်း TNLA ပူးပေါင်းတပ်တွေဟာ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို သိမ်း ပိုက်ထားတာပါ။
 
ဒါပေမယ့် အဲ့ဒီနှစ်မြို့လုံးကို အလုံးစုံ စိတ်ချရတဲ့အခြေအနေမျိုးအထိ ထိန်းချုပ်နိုင်သေးတာတော့မဟုတ်ပါဘူး။ ဒါ ဟာ ထိုးစစ်အစရက်ပိုင်းအတွင်းမှာတင် တရုတ်-မြန်မာနယ်စပ်မြို့တွေကို မြန်မြန်ဆန်ဆန်သိမ်းယူနိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ လက်ရှိထိုးစစ်တွေကြား ကွာခြားတဲ့အဓိကအချက်ဖြစ်ပါတယ်။
 
ကျောက်မဲမြို့အနီးမှာ ဒေသအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်းနှစ်ခုဖြစ်တဲ့ခမရ ၅၀၁နဲ့ ၅၀၂တို့ကျန်နေသေး သလို နောင်ချိုမှာလည်း ဒုံးတပ်ရင်း ၆၀၆ဟာ စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်အနေနဲ့ ကျန်ရှိနေဆဲပါ။
 
ဒုံးတပ်ရင်း ၆၀၆ ဟာ လက်ရှိ ပူးပေါင်းထိုးစစ်အတွင်း ရက်ရှည်တိုက်ပွဲအပြင်းထန်ဆုံးစခန်းတခုလည်းဖြစ်နေပြီး ၁၀၂၇ ပထမလှိုင်းကာလတုန်းက တလကျော်ကြာတိုက်ခိုက်ခဲ့ရတဲ့ နမ့်ခမ်းမြို့အနီး စခန်းသစ်ကုန်းတိုက်ပွဲနဲ့ လည်းဆင်တူပါတယ်။
 
လက်ရှိတိုက်ပွဲပြင်းထန်ရာ မြို့တွေထဲက မိုးကုတ်မြို့ အနောက်ပိုင်းကိုတော့ တော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီး မိုးမိတ်တိုက်ပွဲဟာလည်း မြို့အနီးအထိရောက်ရှိပြင်းထန်နေပြီဖြစ်ပါတယ်။
 
ဒါ့အပြင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ စဉ့်ကူးမြို့တွေမှာလည်း တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်က မြို့အနီး အနားတွေအထိ ရောက်လာနေပါတယ်။
 
နောင်ချိုအခြေစိုက် စစ်ကောင်စီ တပ်ရင်းနှစ်ခုနဲ့ တခြားအခြေစိုက်စခန်းတွေကို ထိုးစစ်စတင်အပြီးရက်ပိုင်း အ တွင်း လက်လွှတ်လိုက်ရပေမယ့် တခုတည်းသော လက်ကျန်ခံတပ် ဒုံးတပ်ရင်း ၆၀၆ လက်မလွှတ်ရရေးအတွက် စစ်ကောင်စီကလည်း လေကြောင်း၊လက်နက်ကြီးပစ်ကူတွေ အမြောက်အများအသုံးပြုတိုက်ခိုက်နေပါတယ်။
 
စစ်တက္ကသိုလ်တွေအခြေစိုက်ရာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်တွေဟာထိစပ်နေသလို မြို့နှစ်မြို့ဟာလည်းမိုင် သုံးဆယ်လောက်သာဝေးပါတယ်။
 
နောင်ချိုက လက်ကျန်ဒုံးတပ်ရင်းကိုပါတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ရင်တော့ ပြင်ဦးလွင်မြို့ဟာ စစ်ရေး အ ရ ပိုပြီးခြိမ်းခြောက်ခံလာရမယ့်အခြေအနေပါ။စစ်ကောင်စီကတော့ လက်ရှိမှာနောင်ချိုမြို့နဲ့ ၁၆မိုင်လောက်ကွာ တဲ့ဘန့်ဘွေးရွာမှာ အထိုင်ချပြီး ဒုံးတပ်ရင်း ၆၀၆ ကိုလက်နက်ကြီးပစ်ကူပေးနေပါတယ်။
 
🔷 ၇၇
 
လက်ရှိ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ကြောင်းအတည်ပြုနိုင်တဲ့ စစ်ကောင်စီ စခန်းအရေအတွက်ဖြစ်ပါတယ်။ဒီအထဲမှာ လားရှိုးမြို့အနီးတဝိုက် တိုက်ပွဲတွေကနေ သိမ်းပိုက်နိုင်တဲ့စခန်းတွေကို တော့ ထည့်သွင်းတွက်ချက်ထားခြင်းမရှိသေးပါဘူး။
 
လားရှိုးမြို့အနီးတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်တွေက စခန်းတချို့သိမ်းပိုက်ထားနိုင်တာရှိပေမယ့် MNDAAပူး ပေါင်းတပ်က တိုက်ပွဲရလဒ်တွေအတည်ပြုထုတ်ပြန်တာမရှိသေးသလို မြေပြင်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်ပြီး ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။
 
TNLA နဲ့ MDY-PDF တို့ရဲ့ ထုတ်ပြန်ချက်တွေအရ အခု လဝက်ကြာထိုးစစ်တွေအတွင်း မိုးကုတ်နဲ့ ရှမ်းမြောက် ကစစ်ကောင်စီ စခန်း ၄၁ခု၊မတ္တရာနဲ့စဉ့်ကူးက စခန်း ၃၆ခုကို တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားနိုင်ပါတယ်။
 
ရှမ်းမြောက်တိုက်ပွဲတွေမှာတော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့တဲ့စခန်းတွေထဲ နောင်ချို အခြေစိုက် ခမရ ၁၁၄၊ ၁၁၅ တို့လိုတပ်ရင်းတွေ နဲ့ မြို့တွင်းဌာနဆိုင်ရာရုံးတွေ၊ရဲစခန်းတွေပါဝင်ပါတယ်။
 
မတ္တရာနဲ့ စဉ့်ကူးတို့မှာသိမ်းပိုက်ထားတဲ့ စခန်း ၃၆ခုကတော့ ရဲစခန်း၊နယ်မြေရဲစခန်းနဲ့ ရဲကင်းစခန်းတွေအများစု ပါ။ဒါပေမယ့် ဒေသအခြေအနေအရ အဲ့ဒီစခန်းတွေဟာ သက်ဆိုင်ရာမြို့တွေကို ကာကွယ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုး ထိန်းချုပ်ရေးအတွက်အရေးပါတဲ့စခန်းတွေဖြစ်ပါတယ်။
 
ဒါ့အပြင် မတ္တရာမြို့အရှေ့ဘက် အင်ကြင်းမြိုင်ရွာက ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်၊ဆည်တော်ကြီးရေ လှောင်ကန်အနီးကစစ်တပ်အခြေစိုက်စခန်းတွေ၊မန္တလေးမြို့နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်အကွာ Alpha ဘိလပ်မြေစက် ရုံ အနီးစိုးမိုးကုန်းပေါ်ကစခန်းစတဲ့ ဗျူဟာနဲ့ ဂုဏ်သိက္ခာအရ အရေးပါတဲ့စခန်းတွေလည်းပါဝင်ပါတယ်။
 
MDY-PDF ဦးဆောင်တဲ့ PDFတပ်ပေါင်းစုက ရက်ပိုင်းအတွင်း အဲ့ဒီစခန်းတွေကိုဆက်တိုက်သိမ်းပိုက်ကာ လက်ရှိမှာ မတ္တရာမြို့ မြောက်ဘက် ရေနံ့သာတိုးဂိတ်ကနေစပြီး မန္တလေး-မိုးကုတ်လမ်းပိုင်းကို စိုးမိုးထိန်းချုပ်ထားတဲ့ အခြေ အနေပါ။
 
🔷၉၁၄
 
ဇူလိုင် ၉ရက်အထိ အတည်ပြုထုတ်ပြန်ချက်တွေအရ ရှမ်း-မန်း စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း တော်လှန်ရေးပူး ပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေဆီကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်အရေအတွက်ဖြစ်ပါတယ်။
 
ခမရ ၁၁၄နဲ့ ၁၁၅တို့လို တပ်ရင်းတွေကို သိမ်းနိုင်ခဲ့တဲ့ TNLA ပူးပေါင်းတပ်က ရှမ်းမြောက်မြို့နယ်တွေမှာ လက် နက်မျိုးစုံ ၆၂၅ လက်ထက်မနည်းရရှိခဲ့ပြီး မန္တလေးဘက်ခြမ်းတိုက်ပွဲတွေမှာတော့ ၂၈၉လက်ရခဲ့ပါတယ်။
 
ဒါဟာ ၁၂၀ မမအပါအဝင် လက်နက်ကြီးတွေ၊ပွိုင့်ဖိုက်လို့ လူသိများတဲ့ စက်သေနတ်တွေနဲ့ ချေမှုန်းရေး ရိုင်ဖယ်၊ ပစ္စတိုစတဲ့ လဝက်ကြာ တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့ လက်နက်မျိုးစုံအရေအတွက်ဖြစ်ပါတယ်။
 
လက်ရှိထိုးစစ်အတွင်း လက်နက်အများဆုံးသိမ်းဆည်းနိုင်တဲ့တိုက်ပွဲဟာ စုစုပေါင်း လက်နက်မျိုးစုံ ၃၅၀ကျော် ရခဲ့ တဲ့ နောင်ချို ၁၁၅တပ်ရင်းစခန်းသိမ်းပွဲဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီလက်နက်သုံးရာကျော်ထဲ ဒုတိယကမ္ဘာ စစ်လက်ကျန် ကာဘိုင်သေနတ် ၁၆၀ လောက်လည်းပါဝင် တာကြောင့် တော်လှန်ရေးထောက်ခံသူတွေ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်ခဲ့ကြရပါတယ်။
 
မတ္တရာနယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်ချိန်မှာ အရေးပါတဲ့လက်နက်တွေရနိုင်တယ်လို့ ကြို တင်သုံးသပ်မှုတွေရှိခဲ့ပေမယ့် MDY-PDF ရဲ့ထုတ်ပြန်ချက်အရတော့ အဲ့ဒီလိုအခြေအနေမျိုးမတွေ့ရပါဘူး။
 
၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း ကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ လက်ရှိတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက အရေးပါတဲ့ဗျူဟာမြောက်လက်နက်ခဲယမ်းတွေကို ကာကွယ်ထားနိုင်တဲ့သဘောတွေ့ရပါတယ်။
 
အထက်ပါလက်နက်တွေနဲ့ အတူ သောင်းချီတဲ့ကျည်မျိုးစုံ၊လက်နက်ကြီးကျည်တွေ၊တခြားခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်တွေကို တော်လှန်ရေးတပ်တွေကသိမ်းဆည်းနိုင်ခဲ့တာတော့ရှိပါတယ်။
နောက်ထပ် ထင်ရှားတဲ့ဖြစ်စဉ်တခုအနေနဲ့ မန္တလေးမြို့ဘက်ကနေ တိုက်ပွဲပြင်းထန်ရာနေတွေဆီစစ်ကူလာတဲ့ သံချပ်ကာကားတစီးကို ဖြတ်တောက်ပိတ်ဆို့ရေးတာဝန်ယူထားတဲ့ ပကဖ တပ်ဖွဲ့တွေက ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ တယ်လို့ဆိုထားပါသေးတယ်။
 
🔷 ၃၂၂
 
လဝက်ကြာ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်တွေက ဖမ်းမိသူ၊လက်နက်ချသူ၊တပ်မိသားစုဝင်စတဲ့ စစ် ကောင်စီတပ်ဖွဲ့ ဝင်အရေအတွက်ဖြစ်ပါတယ်။
 
TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ ရှမ်းမြောက်မှာ စစ်သုံ့ပန်းနဲ့ လက်နက်ချလာသူ စုစုပေါင်း ၈၅ရှိပါတယ်။တရား ဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရတော့ မန္တလေးတိုင်းကတိုက်ပွဲတွေမှာ စစ်သုံ့ပန်းအရေအတွက်ပိုပြီး ဖမ်းမိထားတဲ့သဘောပါ။
 
မတ္တရာနဲ့ စဉ့်ကူးတိုက်ပွဲတွေအတွင်း PDF တပ်ပေါင်းစုက ဖမ်းမိတာ၊လက်နက်ချလာတာစတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁၂၀ဦးရှိပြီး တပ်မိသားစုဝင် ၁၁၇နဲ့ဆိုရင် ၂၄၀နီးပါးကို ထိန်းသိမ်းထားရပါတယ်။
 
အဲ့ဒီတပ်မိသားစုဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄ ဦးဟာ လေကြောင်းရန်ကာကွယ်ရေးတပ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ရှမ်းမြောက်ဘက်က လက်နက်ချသူနဲ့ဖမ်းမိစစ်သုံ့ပန်းတွေထဲ ဗိုလ်မှူးအဆင့်အထိ အ မြင့်ဆုံးပါဝင်ပြီး မန္တလေးဘက်မှာတော့ ဒုတိယဗိုလ်မှူးကြီးတဦးကိုပါ ဖမ်းမိထားပါတယ်။
 
ဒါ့အပြင် မတ္တရာနဲ့ စဉ့်ကူးနယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ပျူစောထီး ပြည်သူ့စစ်တွေ လက်နက်ချလာ တာရှိတယ်လို့ MDY-PDF ကပြောထားပေမယ့်အရေအတွက်ကိုတော့ တိတိကျကျမသိရသေးပါဘူး။
 
ရှမ်းမြောက်တိုက်ပွဲတွေမှာတော့ နောင်ချို၊ကျောက်မဲတို့လိုမြို့တွေထဲအထိ တော်လှန်ရေးတပ်တွေဝင်ရောက်ထား နိုင်ပေမယ့် မြို့ဝန်းကျင်မှာ စစ်ကောင်စီစခန်းတွေကျန်နေသေးတာကြောင့် မူလအခြေချနေရာကို စွန့်ခွာသွား သူ တွေဟာ အဲ့ဒီစခန်းတွေမှာ သွားရောက်ပူးပေါင်းပြီးဆက်လက်ခုခံနေကြတဲ့သဘောဖြစ်ပါတယ်။
 
🔷 ၁၅၂
 
၁၅ရက်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေဖြစ်ပါတယ်။တရက်ကို ပျမ်းမျှ အနည်းဆုံးဆယ်ကြိမ်နှုန်းလောက်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့သဘောပါ။
 
TNLA ဘက်ကထုတ်ပြန်ချက်၊မြေပြင် အခြေအနေစောင့်ကြည့်သူတွေနဲ့ ဒေသခံတွေရဲ့အတည်ပြု ပြောဆိုချက် တွေကနေ အနီးစပ်ဆုံးပြန်လည်စုထားတဲ့ လေကြောင်းတိုက်ခိုက်မှုအရေအတွက်ဖြစ်ပါတယ်။
 
ဒီ ၁၅ရက်အတွင်း စစ်ကောင်စီက လားရှိုးအပါအဝင် ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်တရာကျော်၊ မတ္တရာနဲ့စဉ့်ကူးမှာတော့ ၄၅ကြိမ်အသုံးပြုခဲ့ပါတယ်။
 
မတ္တရာနဲ့ စဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခါ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အများဆုံးအသုံး ပြုပြီး ရှမ်းမြောက်မှာတော့ MI-35ကို အကြိမ်ရေ ဆယ်ဂဏန်းပြည့်အောင်အသုံးပြုတိုက်ခိုက်ထား တာမတွေ့ရ ပါဘူး။
 
အဲ့ဒီအစား Y-12 နဲ့ဂျက်တိုက်လေယာဉ်တွေကိုပဲ ပိုသုံးခဲ့တာပါ။စစ်ကောင်စီဟာ မတ္တရာမြို့နယ်ထဲ ၁၅ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၈ကြိမ်ပြုလုပ်ရာမှာ MI-35နဲ့တိုက်ခိုက်မှု ၂၂ကြိမ်အထိရှိတာတွေ့ရပါတယ်။
 
တိုက်ခိုက်ရေးလေယာဉ်ကိုတော့ ခြောက်ကြိမ်ပဲသုံးခဲ့ပါတယ်။ရွှေလုပ်ကွက်တွေရှိတဲ့ စဉ့်ကူးမြို့နယ်ထဲက တိုက်ပွဲ တွေမှာတော့ လေယာဉ်ကိုပိုသုံးလာပြီး စုစုပေါင်းလေကြောင်းတိုက်ခိုက်မှု ၁၇ကြိမ်ထဲက ၁၁ကြိမ်ကို လေယာဉ် သုံးခဲ့တာပါ။
 
လက်ရှိတိုက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအများဆုံးအသုံးပြုခံရတဲ့နေရာကတော့ ဒုံးတပ်ရင်း ၆၀၆ တခုတည်း နောက်ဆုံးခံတပ်အဖြစ်ကျန်နေတဲ့ နောင်ချိုမြို့နယ်ဖြစ်ပါတယ်။
မိုးကုတ်အပါအဝင် TNLA ဦးဆောင်ထိုးစစ်ဆင်နေတဲ့ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း အကြိမ် တရာလောက်ရှိတဲ့အထဲက ၆၉ကြိမ်ဟာ နောင်ချိုမှာတိုက်ခိုက်ခဲ့တာပါ။
 
အဲ့ဒီ ၆၉ကြိမ်ထဲက အများစုဟာလည်း ဒုံးတပ်ရင်း ၆၀၆ တိုက်ပွဲတွေမှာ လေကြောင်းပစ်ကူပေးခဲ့တာဖြစ်ပြီး ဒီ ထဲက နှစ်ကြိမ်မှာတော့ အဆိပ်ငွေ့ဗုံးတွေသုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းအတွင်း နမ့်ခမ်းမြို့က နောက်ဆုံးလက်ကျန် စခန်းသစ်ကုန်းကို ညီနောင်သုံးဖွဲ့က တလကျော်ကြာ ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အကြိမ် ၂၆၀၊ Y-8 လေယာဉ်နဲ့ အကြိမ် ၄၀၊MI-35နဲ့ ၂၅ကြိမ် လေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ခဲ့ပါတယ်။
 
အဲ့ဒီအထဲမှာ ပေါင်ငါးရာဗုံးကြဲချမှု ၁၂ကြိမ်၊အဆိပ်ငွေ့ဗုံးခြောက်လုံးနဲ့ တိုက်ခိုက်တာတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
 
လက်ရှိ နောင်ချို ၆၀၆ ဒုံးတပ်ရင်းတိုက်ပွဲဟာလည်း အလားတူ ရက်ရှည်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာနိုင်ဖွယ်ရှိပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲ TNLA ပူးပေါင်းတပ်ကနေ့စဉ် ထိုးစစ်ဆင်နေပါတယ်။
 
TNLA ရဲ့မှတ်တမ်းတွေအရ ဇူလိုင် ၁ရက်က ဒုံးတပ်ရင်း ၆၀၆ တိုက်ပွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာငါးစီး၊MI-35နှစ်စီး အထိသုံးပြီး လေကြောင်းပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၆ရက်မှာလည်း အဲ့ဒီဒုံးတပ်ရင်းအနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ဆယ်ကြိမ်၊Y-12နဲ့ ဗုံးအလုံး ငါးဆယ် အထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတကြိမ်စီမှာလက်နက်ကြီး၊လက်နက်ငယ်အချက်ရေ အများအပြားပစ်ခတ်နိုင်တာဖြစ်လို့ မြေပြင် တိုက်ပွဲအခြေအနေကို မှန်းဆနိုင်ပါတယ်။
 
🔷 ၁၃၃
 
၁၀၂၇ ဒုတိယလှိုင်း ထိုးစစ်တွေအတွင်း သေဆုံးထိခိုက်ခဲ့တဲ့ အရပ်သားအရေအတွက်ဖြစ်ပါတယ်။TNLA ထုတ်ပြန် ချက်နဲ့ မတ္တရာ၊စဉ့်ကူးနယ်ကမြေပြင်ကင်းထောက်တွေရဲ့ အချက်အလက်ကိုအခြေခံထားတဲ့ ကိန်းဂဏန်းဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်ပါသေးတယ်။
 
TNLA ထုတ်ပြန်ချက်တွေအရ တကျော့ပြန်တိုက်ပွဲတွေစတဲ့ ဇွန် ၂၅ရက်ကနေ ဇူလိုင် ၉ရက်အထိ မိုးကုတ်နဲ့ ရှမ်း မြောက်တိုက်ပွဲတွေမှာ အရပ်သား ငါးဆယ်ဦးသေဆုံးကာ ၇၀လောက်ဒဏ်ရာတွေရတယ်လို့ဆိုပါတယ်။
 
မတ္တရာနဲ့စဉ့်ကူးမှာတော့ လေးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေဆီ ကသိရပါ တယ်။ဒီထဲက အများစုဟာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် နေအိမ်မှာပဲ သေဆုံးကြရတာ ဖြစ်ပြီးတိုက်ပွဲဖြစ်နေချိန် ကျည်ထိမှန်တာနဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူတချို့လည်းပါဝင်ပါတယ်။
 
ရှမ်း-မန်းစစ်ဆင်ရေးစအပြီး တပတ်အကြာ ဇူလိုင် ၃ရက်မှတိုက်ပွဲတွေစဖြစ်တဲ့ လားရှိုးမြို့ဟာလည်း လက်နက် ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှုန်းများပြားပြီး လက်ရှိအထိသေဆုံးသူ ၁၈ဦးအထိရှိလာပါတယ်။
 
လက်နက်ကြီးတွေကြောင့် တအိမ်တည်းနေ မိသားစုဝင် ခြောက်ဦးသေဆုံးမှုအပါအဝင် အရပ်သားသေဆုံးထိခိုက် မှုတွေဆက်တိုက်ရှိလာတဲ့နောက် လားရှိးမြို့ခံ အများအပြား မြို့ကနေတိမ်းရှောင်နေကြပါပြီ။
 
အလားတူ ကျောက်မဲမြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်တဲ့ ဇွန်လကုန်ပိုင်းက အရပ်သားသေဆုံးထိခိုက်မှု တွေမြင့် တက်ခဲ့ကာ ကလေးတဦးအပါ ငါးဦးတနေရာတည်းမှာသေဆုံးခဲ့တဲ့ဖြစ်စဉ်အပါအဝင်ဒေသခံနှစ်ဆယ်ဝန်းကျင် သေ ဆုံးနိုင်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)ကပြောပါတယ်။
 
ဒါ့အပြင် မိုးကုတ်မြို့တွင်းတိုက်ပွဲတွေပြင်းထန်ချိန်မှာလည်း ကိုရင်တပါးအပါအဝင် ဒေသခံ ၁၃ဦးသေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)ကပြောထားပါတယ်။
ဒေသအသီးသီးမှာ တိုက်ပွဲကြောင့် သေဆုံးထိခိုက်ခဲ့တဲ့ အရပ်သားတွေထဲ ကလေးငယ်၊သက်ကြီးရွယ်အိုနဲ့ အမျိုးသ မီးတွေလည်းပါဝင်ပါတယ်။
 
အာဏာသိမ်းပြီးနောက် CDM ဝင်ခဲ့တဲ့ လားရှိုးက သူနာပြုဆရာမကြီး နန်းမွေလင်းစံနဲ့ မိခင်ဖြစ်သူ နှစ်ဦးဟာလည်း ကျောက်မဲမြို့သိမ်းတိုက်ပွဲပြင်းထန်ချိန် ဇွန်လ ၂၉ရက်က နေအိမ်ပေါ်လက်နက်ကြီးကျလို့ သေဆုံးခဲ့ပါတယ်။
 
ဒီလိုအရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့အပြန်အလှန် စွပ်စွဲထားကြပါတယ်။