သံတွဲတိုက်ပွဲအတွင်းကလေးငယ်တွေအပါအရပ်သားအချို့ပျောက်ဆုံးနေ

Photo – Lay Waddy FM
ဇူလိုင်၊ ၉
 
တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ဒေသခံအရပ်သားအချို့ ပျောက်ဆုံးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်းနဲ့တပ်စခန်းတွေကို အာရက္ခတပ်တော်AAကပြီးခဲ့တဲ့လပိုင်းကစလို့ ထိုးစစ်ဆင်နေတာပါ။
 
လက်ရှိအချိန်အထိတော့ စစ်ကောင်စီရဲ့သံတွဲအခြေစိုက် ခမရ၅၆၆နဲ့ ငပလီမဇင်လေဆိပ်အပြင် စစ်တပ်ဖက်က ခုခံနေတဲ့နေရာအများစုကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်မြေအများစုကိုလည်း AAဖက်ကထိန်းချုပ်ထားတာပါ။
တိုက်ပွဲတွေအတွင်း ဘေးကင်းမယ်ယူဆတဲ့နေရာတွေဆီ ဒေသခံတွေ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
စစ်ဘေးတိမ်းရှောင်ကြသူတွေအနက် အခုရက်ပိုင်းအတွင်းမှာပဲ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် ဆယ်ဦးနီးပါး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာနဲ့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
“စစ်ရှောင်ရင်းလူကွဲပျောက်တာရှိတယ်၊ ပြီးတော့အကြောင်းအမျိုးမျိုးနဲ့သွားလာရင်းပျောက်သွားတာရှိပါတယ်။” လို့ဒေသတွင်းသတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။
အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတွေကို ပြန်ရှာတွေ့နိုင်ဖို့ Laywaddy FMအပါအဝင် ဒေသအခြေစိုက် သတင်းမီဒီယာတွေနဲ့ စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူတွေက သတင်းအချက်အလက် မျှဝေပေးတာအပြင် အခြားနည်းလမ်းတွေနဲ့ ကူညီဆောင်ရွက်နေတယ်လို့လည်းသူကဆိုပါတယ်။
“ဘယ်လိုကြောင့်ပျောက်နေတယ်တော့မသိသေးပါ၊ အားလုံးကကူနေပေမယ့် စကစကလည်း မထင်သလိုလုပ်နေတာဆိုတော့ ပူပန်စိတ်ကတော့ရှိတာပါပဲ။”လို့အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
 
သံတွဲဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကအလောင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရ မိခဲ့တယ်လို့AAက ဇူလိုင်၇ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
 
သံတွဲဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၆၆) နဲ့ခလရ (၅၅)တို့အပြင် စစ်ကူအဖြစ်တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းဆယ်ရင်း၊ အလယ်ပိုင်းတိုင်းနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းနှစ်ရင်း၊ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နဲ့ Myanmar Navy SEALs(ရေတပ်အထူးတပ်ဖွဲ့) တွေပါဝင်ခဲ့တယ်လို့AAကဆိုပါတယ်။
 
ဒါ့အပြင် ဘင်္ဂလားပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စုအပြင်ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စတဲ့ နေရာတွေကလက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်း အသည်းအသန် ခုခံကာကွယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
AAဖက်ကလည်းဗျူဟာမြောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့သံတွဲမြို့သိမ်းတိုက်ပွဲစစ်ရေးအခြေအနေမှာ အပြင်းထန်ဆုံးနဲ့အမြင့်ဆုံးအနေအထား ရောက်ရှိခဲ့ပြီး ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲတွေ အတွင်း ခက်ခဲတဲ့ မြို့သိမ်းတိုက်ပွဲလည်း ဖြစ်တယ်လို့ဆိုပါတယ်။ လက်တလောသံတွဲတိုက်ပွဲမှာ စစ်ကောင်စီဖက်က အထိနာနေပြီး မြို့တောင်ဘက် ဂျိတ္တောရွာထိ ဆုတ်ခွာနေရတာပါ။
 
စစ်ကောင်စီဖက်ကသံတွဲ မြို့ကိုလက်လွတ်ရပါကရခိုင်တောင်ဖက်အစွန်ဆုံး ဂွမြို့ကနေ ခုခံဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
တကျော့ပြန်တိုက်ပွဲ၇လ ကျော်အတွင်း AAကရခိုင်ပြည်နယ်ကိုးမြို့နယ်နဲ့ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထားပြီး လက်ရှိမှာ သံတွဲ၊တောင်ကုတ်။အမ်းနဲ့မောင်တောတို့ကိုထိုးစစ်ဆင်နေတာပါ။
 
ရခိုင်ပြည်နယ် ၁၇မြို့နယ်မှာဂွမြို့နယ်နဲ့ ကျွန်းမြို့ဖြစ်တဲ့မာန်အောင်တို့သာ တိုက်ပွဲမရှိသေးတာဖြစ်ပါတယ်။