ဇွန်လအတွင်း ဗိုလ်မှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော် စစ်ကောင်စီကိုစွန့်ခွာ

Photo – NUG MOD

ဇူလိုင်၊ ၄

ပြီးခဲ့တဲ့ ဇွန်လ တလတည်းအတွင်း ဗိုလ်မှူးတဦး၊ ဗိုလ်ကြီးနှစ်ဦးနဲ့ ဒုရဲမှူးတဦးစတဲ့ အရာရှိအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲစုစုပေါင်း ၄၃ဦး စစ်ကောင်စီကိုစွန့်ခွာဘက်ပြောင်းလာတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဇွန်လအတွင်း ဘက်ပြောင်းခိုလှုံလာသူတွေဆီက လက်နက်မျိုးစုံ ၁၈လက်နဲ့ ခဲယမ်းမီးကျောက်တချို့လည်း ရရှိ ခဲ့ပြီး လက်နက်ယူလာသူတွေကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေအတိုင်း လက်နက် တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေပေးခဲ့တယ်လို့လည်းဆိုပါတယ်။

အထက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်စာရင်းဟာ NUGရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော် မတီ၊PDF တပ်ရင်းတွေနဲ့ ပကဖတို့ဆီဆက်သွယ်ဘက်ပြောင်းလာသူတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီကိုစွန့်ခွာပြီး CDM လုပ်ကာ၊ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ရဲ စုစုပေါင်း သုံးသောင်းကျော်ရှိတယ်လို့ NUG ကပြောထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် NUG လက်အောက်ခံမဟုတ်တဲ့ သီးခြားတပ်ဖွဲ့တွေ ဆီ ခိုလှုံသွားသူတွေလည်းရှိနေပါသေးတယ်။

လတ်တလောတိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းကတိုက်ပွဲတွေမှာတော့ တိုက်ပွဲကာလဆယ်ရက် လောက်အတွင်း လက်နက်ချတာ၊အရှင်ဖမ်းမိတာစတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ဝန်းကျင်အထိရှိနေ တယ်လို့ တအာင်းတပ် TNLAနဲ့ မန္တလေး PDF (MDY-PDF) တို့ရဲ့ အချက်အလက်တွေအရသိရပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်သုံ့ပန်း ၆၄နဲ့ တပ်မိသားစုဝင် ၁၂၀နီးပါးကို ထိန်းသိမ်း ထားတယ်လို့ MDY-PDF က ဇူလိုင် ၂ရက်မှာထုတ်ပြန်သလို စဉ့်ကူးမြို့နယ်တိုက်ပွဲတွေမှာလည်း စစ်သုံ့ပန်း ၁၃ဦး ဖမ်းမိတယ်လို့ မနေ့က ထုတ်ပြန်ထားပါသေးတယ်။

အလားတူ TNLA ဘက်က ထုတ်ပြန်ချက်တွေအရ ဇွန်လ ၂၉ရက်အထိ ငါးရက်ကြာရှမ်းမြောက်တိုက်ပွဲတွေမှာ ဗိုလ်မှူး အဆင့် ကနေ တပ်သားအထိ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး၊မိုးကုတ်မြို့အနောက်ပိုင်း တိုက် ပွဲတွေမှာ ၁၅ဦးတို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားတယ်လို့ သိရပါတယ်။