စစ်ကောင်စီလိုချင်တဲ့ ပါတီမျိုးမဟုတ်လို့ မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်တာလို့ ANP ဝေဖန်

Photo – DMG

ဇူလိုင်၊ ၂

စစ်ကောင်စီ၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ပါတီမှတ်ပုံတင်လျှောက်ထားချက်အပေါ် ငြင်းပယ်တာလိုက်တာဟာ သူတို့လိုချင်တဲ့ပါတီမျိုးမဟုတ်တာကြောင့်ဖြစ်တယ်လို့  အဲဒီပါတီက တုန့်ပြန်ပြောဆိုပါတယ်။

ဒေသခံရခိုင်ပြည်သူတွေရဲ့ ဝေဖန်ကန့်ကွက်မှုတွေကြားက စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ခဲ့တဲ့ ဒေသတွင်းအင်အားကြီး ANP ပါတီရဲ့ မှတ်ပုံတင်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီငြင်းပယ်ချက်နဲ့ပက်သက်လို့ ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက “ကော်မရှင်က သူတို့လိုချင်တဲ့ပါတီမျိုးမဖြစ်လို့ မှတ်ပုံတင်ခွင့်မပေးဘူးလို့ ကောက်ချက်ချရမယ်”လို့ DNA ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ကတော့ ANP ပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၇ နဲ့ ညီညွှတ်မှုမရှိတာကြောင့် မှတ်ပုံတင်ချမပေးတာလို့ အကြောင်းပြထားပြီး အသေးစိတ် ပြောမထားပါဘူး။

အဲ့ဒီဥပဒေပုဒ်မမှာ မတရားအသင်း ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတဲ့အဖွဲ့အစည်း၊နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း၊ဒါမှမဟုတ် အဲ့ဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက် ပြီးဖြစ်စေ ဆက်သွယ်တာ၊အားပေးကူညီတာတွေလုပ်ရင် ပါတီအဖြစ် မှတ်ပုံတင်ပေးဖို့လျှောက်ထားခွင့် မရှိဘူး ဆိုတဲ့အချက်ပါဝင်ပါတာကြောင့် အဲဒီအချက်နဲ့ငြိစွန်းတယ်ဆိုကာ အကြောင်းပြတာဖြစ်နိုင်တယ်လို့ ANP က ယူဆပါတယ်။

ဒါပေမယ့် ANP ရဲ့ မှတ်ပုံတင်လျှောက်ထားသူတွေဟာ ဘယ်မတရားအသင်းအဖွဲ့အစည်းနဲ့မှ ဆက်စပ်၊ ကူညီတာမျိုးမရှိဘူးလို့ ဦးခိုင်ပြည်စိုးက တုန့်ပြန်ပါတယ်။

“သူတို့မှာ စစ်ဆေးလို့ ဘယ်လိုဘယ်လို သုံးသပ်လဲတော့ ကျွန်တော်တို့ မသိဘူး၊ ကျနော်တို့ကတော့ အကုန်လုံး clear ဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။

တကယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီမှတ်ပုံတင်လျှောက်ထားသူတွေထဲ မတရားအသင်းနဲ့ ဆက်စပ်သူတွေ ပါခဲ့ရင်တောင် အကြောင်းကြားသင့်တယ်လို့လည်း ANP ပါတီအထွေထွေအတွင်းရေး မှူးက ဆိုပါတယ်။

“စစ်ဆေးလို့ ဥပမာ ဒီလူငြိစွန်းမှုရှိတယ်ဆိုလို့ရှိရင် တချို့ပါတီတွေမှာ ဒီလူကို ပယ်ထားခဲ့၊ ဒီလူကို ထည့်လို့မရဘူးဆိုပြီး ပြောတာတွေ ရှိပါတယ်၊ ကျနော်တို့ပါတီကို အဲလိုလည်း ပြောတာ မရှိဘူး၊ အဲထဲမှာ ငြိစွန်းတဲ့လူရှိရင် ကျနော်တို့ ပယ်မှာပေါ့၊ ပယ်လို့ရတယ်၊ အစားထိုးလို့ရတယ်”လို့ ၎င်းက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပါတီက နုတ်ထွက်ခဲ့တဲ့ ANP ခေါင်း ဆောင်ဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကလည်း စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရနေခဲ့တဲ့ ANP ကို မလိုလားတာကြောင့် အခုလို မှတ်ပုံတင်ချမပေးတာလို့ သုံးသပ်ပါတယ်။

“ပါတီပါ  မှတ်ပုံတင်ခွင့်မပေးဘူးဆိုတာကတော့ ANP ပါတီကို သူတို့ တစုံတရာ မပါ၀င်စေချင်လို့ ရွေးကောက်ပွဲမှာ ANP ဟာ အမြဲတမ်းအနိုင်ရတာတွေကို မလိုလားလို့ လုပ်ဆောင်တယ်လို့ပဲ ပြည်သူတွေ မြင်မယ်၊ ကျွန်တော်တို့လည်း အဲလိုပဲ မြင်တယ်”လို့ ဦးဖေသန်းက ပြောပါတယ်။

ယခင်ရွေးကောက်ပွဲတွေတုန်းက ပြည်နယ်လွှတ်တော်နေရာအများစုကို အနိုင်ရခဲ့တဲ့ ANP ပါတီဟာ ပါတီမှတ်ပုံတင်ဥပဒေသစ်ထုတ်ပြန်ပြီးနောက် ၂၀၂၃ ခု မတ်လကတည်းက စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ အခုလို မှတ်ပုံတင်လျှောက်ထားခွင့် ငြင်းပယ်ခံခဲ့ရတာပါ။

စစ်ကောင်စီဟာ ANP ပါတီကို မှတ်ပုံ တင်ခွင့် ငြင်းပယ်ပေမယ့် ရခိုင်အခြေစိုက်နိုင်ငံရေးပါတီတွေဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊မြိုတိုင်ရင်းသားဖွံ့ဖြိုးရေးပါတီတို့ကိုတော့  မှတ်ပုံတင်ခွင့်ပြုချက်ပေးထားပါတယ်။

အဲဒီမှတ်ပုံတင်ခွင့်ရထားတဲ့ပါတီတွေထဲက AFP ဥက္ကဌ ဒေါက်တာအေးမောင်ဟာ စစ်ကောင်စီနဲ့ နီးစပ်သူတဦးဖြစ်ပြီး ANPခေါင်းဆောင်ဟောင်းတဦးလည်းဖြစ်ပါတယ်။ကျန်ပါတီတွေကတော့ ယခင်ရွေးကောက်ပွဲတွေအဆက်ဆက် တနေရာမှအနိုင်မရခဲ့တဲ့ ပါတီငယ်တွေဖြစ်ကြပါတယ်။

ပြည်သူတွေ ဝေဖန်နေတဲ့ကြားက စစ်ကောင်စီထံ မှတ်ပုံတင်ခဲ့တဲ့ ANP ပါတီဟာ မှတ်ပုံတင်ပယ်ချခံရတာကြောင့် မိအေးနှစ်ခါနာအဖြစ်မျိုး ကြုံရပြီး ပါတီနိုင်ငံရေးထက် ပိုအားသာနေတဲ့ တော်လှန်ရေးလမ်းကြောင်းမှာ ပါ၀င်သင့်တယ်လို့ ဦးဖေသန်းက ပါတီ၀င်တွေကို ထောက်ပြ၊ အကြံပြုပါတယ်။

“မိအေးနှစ်ခါနာ ဖြစ်တာပေါ့နော်၊ ဒီဖက်မှာလည်း ဝေဖန်ခံရတယ်၊ စစ်တပ်ကလည်း သူတို့ကို ခွင့်မပြု၊ ဆိုတော့ နိုင်ငံရေးအားဖြင့် ဂုဏ်သိက္ခာထိခိုက်တယ်၊ စစ်ကောင်စီကတော့ ဘယ်တော့ မှ လျော့ပေးမှာ မဟုတ်ဘူး၊ နိုင်ငံရေးအားဖြင့် အနိုင်ကျင့်မှာပဲ၊..ပါတီနိုင်ငံရေးထက် အခုသွားနေတဲ့ တော်လှန်ရေးက ပိုပြီး အကျိုးရှိမယ်လို့ ယူဆတယ်”လို့ ဦးဖေသန်းက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည် နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်နေသလို ပြည်နယ်ရဲ့ ထက်ဝက် ကျော်လောက် ကို AA က သိမ်းပိုက်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပါတီ၀င်အရေအတွက်၊ ဖွင့်လှစ်ရမယ့် ရုံးခန်းအရေအတွက်နဲ့ ပါတီမှတ်ပုံတင်ကြေးတို့ အဆမတန်တိုးမြင့်ထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ နှစ်ဆန်းပိုင်းမှာ အသစ်ပြဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေအရ တည်ဆဲပါတီတွေ တရားဝင်ဆက်လက်ရပ်တည်နိုင်ဖို့ မှတ်ပုံတင်ခွင့်ပြန်လျှောက်ကြရတာဖြစ်ပြီး ANP ပါတီဟာလည်း အလားတူ လျှောက်ထားခဲ့တာပါ။

အဲ့ဒီဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီကိုလက်မခံတဲ့ NLD နဲ့ထင်ရှားတဲ့ နိုင်ငံရေးပါတီတချို့ အပါအဝင် မှတ်ပုံတင်ပြန် မလျှောက်တဲ့ပါတီစုစုပေါင်း လေးဆယ်ကျော်ကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လအတွင်းကြေညာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလက တရားဝင်ရပ်တည်ခဲ့တဲ့ နိုင်ငံရေးပါတီ ကိုးဆယ်ကျော်ရှိပြီး အဲ့ဒီအထဲက ပါတီ ငါးဆယ် စစ်ကောင်စီကော်မရှင်ဆီမှာ မှတ်ပုံပြန်တင်ကြကာ အသစ်တည်ထောင်တဲ့ ပါတီကတော့ ၁၆ခု ရှိ တယ် လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့အချက်အလက်တွေအရသိရပါတယ်။

ရွေးကောက်ခံအရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီး နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချဖို့ အကြိမ်ကြိမ်ကြိုးစားနေပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ အခုအနေအထားမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေမရှိတော့ဘူးလို့လေ့လာသူတွေကသုံးသပ်ထားပါတယ်။