ထားဝယ်ထောင်မှာ နှစ်ပတ်ကျော်ကြာတဲ့အထိ ဆေးမှူးအသစ် မခန့်နိုင်သေး 

Photo – DNA

ဇွန် ၊ ၃၀ 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ် အကျဥ်း ထောင် ဆေးခန်းက ဆရာဝန် သေဆုံးသွားပြီး နောက် နှစ်ပတ်ကျော်အကြာ ဒီကနေ့အထိ ဆေးမှူး အသစ် မခန့်နိုင်သေးဘူးလို့ ထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

“ခန့်ဖို့ လူမရှိဘူးနဲ့ တူတယ်၊ ဒီအတိုင်း ကြာကြာ တော့ မထားလောက်ဘူးထင်တာပဲ” လို့ ထားဝယ် နိုင်ငံရေး အကျဥ်းသူဟောင်းတဦးက DNA ကို ပြောပါတယ်။ 

အရင်က ထားဝယ်အကျဥ်းထောင်မှာ ဆေးမှူးနှစ် ဦးနဲ့ ဆရာဝန်တဦးရှိရာကနေ ဆေးမှူး ဦးဇော်ဝင်းကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့ပြီး အခုနှစ် အစောပိုင်းက ပြန်လွတ် လာပေမယ့် ဆေးမှူးအနေနဲ့ ပြန်လည်မခန့်အပ်ခဲ့ပါဘူး။ 

ဒါ့အပြင် နောက်ထပ်ဆေးမှူးတဦးကလည်း အခုနှစ် မတ်လအတွင်း CDM ပြုလုပ်သွားသလို နောက်ဆုံးကျန်ရှိနေတဲ့ ဒေါက်တာ အောင်မင်းခန့်ကလည်း အခု ဇွန်လ ၁၃ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာပါ။ 

လက်ရှိမှာတော့ ထားဝယ်ထောင်က အကျဥ်းသားတွေကို ထားဝယ်ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပေမယ့် အရေးပေါ်အခြေအနေတွေအတွက်တော့ စိုးရိမ်စရာရှိနေတယ်လို့ ဆိုကြပါတယ်။ 

မနက်ပိုင်း ဆေးရုံကနေ ကားနဲ့ လာပြီး လာကြည့်ပေးတယ်၊ နေ့တိုင်းတော့လာတယ်၊ ဒါပေမယ့် ညဘက် အရေးပေါ်ဖြစ်ရင် မလွယ်ဘူး၊ အရင်က ဆေးမှူးတွေ ရှိနေတုန်းကတောင် အရေးပေါ်ဖြစ်ရင် အဆင့်ဆင့်သွားနေရတာနဲ့ တအားကြာတာ” လို့လည်း ထားဝယ်နိုင်ငံရေး အကျဥ်းသူဟောင်းက ပြောပါတယ်။ 

ဒါ့အပြင် အကျဥ်းသားဦးရေ များပြားတာကြောင့် အခုလို ကျန်းမာရေးစောင့်ရှောက်မှုပုံစံမျိုးနဲ့ဆို လုံလောက်မှုရှိမှာမဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။

“လာကြည့်ပေးတာက နှစ်နာရီ၊ သုံးနာရီလောက်ပဲလို့ကြားတာ၊ အကျဥ်းသားက ထောင်ချီရှိတာ၊ ဘယ်လိုမှအဆင်မပြေနိုင်ဘူး၊ အခုရာသီဆို နေမကောင်းဖြစ်ကြတာတွေလည်း များတယ်” လို့လည်း ထားဝယ် နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။ 

ထားဝယ်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်လိုအပ်နေတဲ့ အသက်ကြီးပိုင်း နိုင်ငံရေးအကျဥ်းသားတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။ 

နိုင်ငံရေးအကျဥ်းသား လေးရာဝန်းကျင်အပါအဝင် အကျဥ်းသား တထောင်လောက်ရှိတဲ့ ထားဝယ်အကျဥ်းထောင်မှာ တခြားအကျဥ်းထောင်တွေနည်းတူ နဂိုကတည်းက ဆေးဝါးလုံလောက်မှုမရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရတာတွေမျိုး ကြုံရလေ့ရှိပါတယ်။