ရှမ်း၊ မန္တလေး တိုက်ပွဲရက်ပိုင်းအတွင်း အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်လာ

Photo – Social Media (တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ကျောက်မဲနဲ့ မိုးကုတ်ဒေသခံတချို့နဲ့ အဆောက်အအုံတချို့)

ဇွန်၊ ၃၀

မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အစပ်မြို့နယ်တွေမှာ လတ်တလောဖြစ်ပွားနေတဲ့တိုက်ပွဲ ရက်ပိုင်းအတွင်း အရပ်သား ထိခိုက်သေဆုံးမှုမြင့်တက်နေပြီး ထိခိုက်သေဆုံးသူဆယ်နဲ့ချီရှိလာတယ်လို့ တအာင်းတပ် TNLA၊ ကယ်ဆယ် ရေး အဖွဲ့တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။

ကျောက်မဲ၊နောင်ချိုနဲ့မိုးကုတ် မြို့နယ်တွေက ငါးရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့အရပ်သား ၂၂ဦးအထိရှိပြီး ဒဏ်ရာရသူ သုံးဆယ်ဦးအထိရှိပြီလို့ တအာင်းတပ် TNLA ကမနေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေတကျော့ပြန်စတင်တဲ့ ဇွန်လ ၂၅ရက်မှာ ဒေသခံနှစ်ဦး၊၂၆ရက်မှာ လေးဦး၊တိုက်ပွဲသုံးရက်မြောက်မှာ သုံးဦး၊လေးရက်မြောက်မှာ ၁၁ ဦးနဲ့ မနေ့ကတော့ သေဆုံးတဲ့ဒေသခံနှစ်ဦးရှိခဲ့တာလို့ TNLA ကဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီမြို့နယ်တွေမှာ ငါးရက်အတွင်း စစ်ဘေးရှောင်သုံးထောင်အထိရှိလာတယ်လို့လည်း TNLA က ဖော်ပြ ထားပါတယ်။တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)နဲ့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ပြော ဆိုချက် တွေအရတော့ အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်က TNLA ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေပိုများ တဲ့အခြေ အနေရှိပါတယ်။

ကျောက်မဲမြို့တမြို့တည်းမှာပဲ သုံးရက်ကြာတိုက်ပွဲကာလအတွင်း သေဆုံးသူ ၂၁ဦးနဲ့ ဒဏ်ရာရသူ ဆယ်ဦးနဲ့ အ ထက်ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဇွန်လ ၂၇ရက်မှာပြောပါတယ်။

ကျောက်မဲမြို့ပေါ်မှာ နှစ်ဘက်ပစ်ခတ်မှုတွေအတွင်း သေဆုံးတဲ့အရပ်သားနဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့အပါအဝင် စုစုပေါင်း အလောင်းနှစ်ဆယ်ကျော်ကို တရက်တည်း ကောက်ယူသင်္ဂြုလ်ပေးခဲ့ရတယ်လို့ ကျောက်မဲမြို့ခံ လူမှု ကူညီရေးအဖွဲ့တွေကလည်းပြောထားပါတယ်။

TNLAဘက်က ထုတ်ပြန်ချက်တွေအရ လက်ရှိမှာပူးပေါင်းတပ်တွေက ကျောက်မဲမြို့တွင်းစစ်ကောင်စီစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့အနီးက ခမရ ၅၀၁နဲ့ ၅၀၂ တို့ကိုတော့ ဆက်လက်ထိုးစစ်ဆင် နေဆဲပဲလို့သိရပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မရှိတဲ့ TNLA သိမ်းပိုက်ထိန်းချုပ်ဒေသ နမ္မတူမြို့နယ် မန်လီကျေးရွာ ဘက် ကိုလည်း သီပေါမြို့မှာရှိတဲ့စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ ဒေသခံ တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ကဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် TNLA နဲ့ပူးပေါင်းတပ်တွေက ကျောက်မဲ၊မိုးကုတ်၊နောင်ချို၊မတ္တရာစတဲ့မြို့နယ် တွေမှာ ဇွန်လ ၂၅ရက်ကစပြီး စစ်ကောင်စီကို ထိုးစစ်ဆင်ခဲ့ကာ လက်ရှိမှာ မိုးမိတ်၊သီပေါမြို့နယ်တွေအထိ တိုက်ပွဲ ကျယ်ပြန့်လာသလို လားရှိုးမြို့နယ်ထဲမှာလည်း ကိုးကန့် MNDAA နဲ့စစ်ကောင်စီမနေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ လားရှိုးဒေသခံတွေကပြောကြပါတယ်။

မိုးကုတ်မြို့မှာတော့ တိုက်ပွဲစဖြစ်ချိန်ကနေ မနေ့ညကအထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့အရှေ့ပိုင်းရော အ နောက်ပိုင်းမှာပါ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျတာ၊ လေကြောင်းကြဲချတဲ့ဗုံးကျရောက်ပေါက် ကွဲတာ တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဒီကနေ့မနက်ပိုင်းအထိဆက်ရှိနေပါတယ်။

ဒေသခံတွေကို DNA ကဆက်သွယ်မေးမြန်းထားတဲ့အချက်အလက်တွေအရ မိုးကုတ်မြို့မှာ ဇွန်လ ၂၇ရက်အထိ ဆယ်ကျော်သက်အရွယ် ကိုရင်တပါးအပါအဝင် တိုက်ပွဲကြောင့် သေဆုံးခဲ့တဲ့ ဒေသခံ လေးဦးထက်မနည်းနဲ့ ဒဏ် ရာရသူတွေလည်းရှိနေပါတယ်။

မိုးကုတ်မြို့နယ် ချမ်းသာကြီးဘုရားတောင်ခြေက ဥယျာဉ်ဘုန်းတော်ကြီးကျောင်းထဲ ဇွန်လ၂၇ရက်ညနေ ငါးနာရီခွဲ လောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဘုရားဝတ်ပြုနေတဲ့ ကိုရင်ငါးပါးထိခိုက်ခဲ့ပြီး အဲ့ဒီအထဲက ကိုရင် တပါး ပျံလွန်ခဲ့တာပါ။

“ဘုရားတပီး နေနေရပါတယ်”လို့ မိုးကုတ်မြို့ခံတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း တိုက်ခိုက်ခံနေရတဲ့ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီ ဘက်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ခုခံမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပြီး အသေးစိတ်အ ခြေအနေတွေကိုတော့မသိရသေးပါဘူး။

TNLA နဲ့ ပူးပေါင်းတပ်တွေဟာ လက်ရှိထိုးစစ်ဆင်နေတဲ့မြို့တွေထဲက နောင်ချိုမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီး ခမရ ၁၁၄၊၁၁၅၊ခလရ ၁၄၆ တပ်စခန်းတွေကို သိမ်းပိုက်ထားကာ ဒုံးတပ်ရင်း ၆၀၆ကိုတော့ ဆက်လက်ထိုးစစ် ဆင်နေဆဲပဲလို့ TNLA ရဲ့မနေ့ကညနေပိုင်းအထိ ထုတ်ပြန်ချက်တွေအရသိရပါတယ်။