ငါးမိနစ်အတွင်း အားအပြည့်နီးပါး ပြန်သွင်းနိုင်မယ့် လျှပ်စစ်ကား ဘက်ထရီကို ဗြိတိန်မှာ စမ်းသပ်နေ

ဇွန်၊ ၂၈

လျှပ်စစ်ကားတွေရဲ့ ဘက်ထရီကို ၅ မိနစ်အတွင်း အားအပြည့်နီးပါး ပြန်ဖြည့်နိုင်မယ့် နည်းပညာသစ်ကို ဗြိတိန်မှာ လက်တွေ့ စမ်းသပ်မှုတွေ စတင်နေပါတယ်။

လျှပ်စစ်ကား ဘက်ထရီတွေ သုတေသနပြု ထုတ်လုပ်တဲ့ Nyobolt ကုမ္ပဏီရဲ့ ဘက်ထရီ နည်းပညာဟာ ဘက်ထရီအား ၁၀ ရာခိုင်နှုန်းပဲ ကျန်နေတော့တဲ့ အခြေအနေကနေ ၈၀ ရာခိုင်နှုန်းထိကို ၄ မိနစ်နဲ့ ၃၇ စက္ကန့်အတွင်း အားပြန်ဖြည့်နိုင်တယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ အဲဒီ နည်းပညာကို အထူးပုံစံထုတ် တည်ဆောက်ထားတဲ့ concept နမူနာမော်ဒယ် ကားတွေမှာပဲ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။ ဘက်ဒ်ဖို့ဒ်မြို့မှာရှိတဲ့ ကားစမ်းသပ်မောင်းနှင်တဲ့ ကွင်းထဲမှာ Nyoboltရဲ့ မြန်နှုန်းမြင့် အားသွင်း ဘက်ထရီကို စမ်းသပ်နေပြီး ရလဒ်တွေကလည်း တိုးတက်နေတယ်လို့ ဆိုပါတယ်။

သဘာ​ဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုကို ထိထိရောက်ရောက် လျှော့ချနိုင်တဲ့ အကျိုးကျေးဇူးကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေမှာ လျှပ်စစ်ကားတွေ အသုံးပြုမှု ပိုမို တွင်ကျယ်လာပေမယ့် ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်နဲ့ ကားတွေကို ယှဉ်ပြိုင်ဖို့ ကန့်သတ်ချက်တွေက ရှိနေဆဲပါ။ အဲဒီထဲမှာ ဓာတ်အားသွင်းရတဲ့အချိန် ကြာမြင့်တာကလည်း ပြဿနာ တခုပါပဲ။

မြင်သာအောင် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လျှပ်စစ်ကားတွေထဲမှာ နာမည်အကြီးဆုံးလို့ သတ်မှတ်နိုင်တဲ့ Telsaရဲ့ supercharger နည်းပညာကတောင် ၈၀ ရာခိုင်နှုန်းလောက် အားပြန်ဖြည့်နိုင်ဖို့ ၁၅ မိနစ်နဲ့ မိနစ် ၂၀ နီးပါး အချိန်ပေးရပါတယ်။

စျေးကွက် သုတေသီတွေက လျှပ်စစ်ကား ဝယ်ယူသူတွေ အဓိက စိုးရိမ်တကြီး စုံစမ်းလေ့ရှိတဲ့ အချက်တခုက တကြိမ် အားသွင်းထားရင် ခရီးဘယ်လောက်ကြာ မောင်းနှင်နိုင်မလဲ ဆိုတာဖြစ်ပေမယ့် တဖက်မှာလည်း နေရာအနှံ့ ဓာတ်အား ဖြည့်သွင်းနိုင်မယ့် အခြေခံ အဆောက်အအုံတွေ ပိုမိုချဲ့ထွင်ဖို့ အရေးကြီးကြောင်း ထောက်ပြထားပါတယ်။

Nyoboltကတော့ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကလည်း လျှပ်စစ်ကား ဘက်ထရီနည်းပညာ မြှင့်တင်ရာမှာ စိန်ခေါ်မှုတခု ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေးထားပြီး အထူးသဖြင့် ဘက်ထရီ အအေးပေး စနစ်တွေဟာ အပူဒဏ်ကြောင့် ပိုပြီး ဖိစီးမှု ခံရတတ်တယ်လို့ ထောက်ပြထားပါတယ်။ Nyoboltရဲ့ ဘက်ထရီကို ကားတွေမှာ မတပ်ဆင်သေးခင် ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အပြည့်ထိ အားသွင်းဖို့ အချိန် ၆ မိနစ်ကျော်လောက်သာ ကြာမြင့်တယ်လို့လည်း သိရပါတယ်။

Ref: BBC