မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ်ကို အပြီးသတ်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ MDY-PDF အသိပေး

Photo – MDY-PDF

ဇွန် ၊ ၂၆

ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်မြို့နယ်တွေမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပူးပေါင်းတပ်တွေနဲ့ အတူ နောင်ချိုမြို့ကို ထိန်းချုပ်ထားပြီး မတ္တရာအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ကိုတော့ အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပဲလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အခုညမှာ ထုတ် ပြန်အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစစ်ဆင်ရေးတွေမှာ ပါဝင် တိုက်ခိုက်နေပြီး မတ္တရာမြို့နယ်အတွင်းမှာတော့ ပန်းသလဲတောင်စခန်း၊ကျောက်ကြမ်းတောင်စခန်းနဲ့ ရေစို တောင်စခန်းတွေကို သိမ်းပိုက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မတ္တရာမြို့ အရှေ့မြောက်ဘက် ဆည်တော်ကြီးရေလှောင်တမံအနီးမှာရှိတဲ့ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကိုတော့ ဆက်လက်ထိုးစစ်ဆင်နေဆဲပဲလို့ဆိုပါတယ်။မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြကြတဲ့ သတင်းတွေမှာတော့ အဲ့ဒီစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားပြီလို့ ဆိုကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာလည်း မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်ဒေသတွေက စစ်ဆင်ရေးတွေမှာပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ကြားဝင်မှုအရ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ရှမ်းမြောက်မှာ အပစ်ရပ်လိုက်ချိန်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က မတ္တရာ၊နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေထဲက စစ်ကောင်စီစခန်း တချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီလိုသိမ်းယူခဲ့တဲ့အထဲက လူသိများတဲ့ ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်က သံဘိုရွာစစ်ကောင်စီစခန်းဟာ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ မတ္တရာလေကြောင်းရန်ကာကွယ်ရေးစခန်းနဲ့ တောင်ကြောတခုသာခြားပါတယ်။

နောင်ချိုမြို့နယ်တိုက်ပွဲတွေမှာတော့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ခမရ ၁၁၅စခန်းကို သိမ်းပိုက်ခဲ့ကာ မြို့ကိုအပြည့်အဝထိန်းချုပ်ထားပြီဖြစ်သလို ခမရ ၁၁၄နဲ့ ၆၀၆ အမြောက်တပ်ရင်းတွေကိုတော့ ဆက်လက်ထိုးစစ် ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။