ဘုန်းကြီးတွေကို ပစ်မှတ်ထားလာခြင်းဟာ စစ်တပ်ရဲ့ ဘာသာရေး မီးမွှေးဖို့ ကြံစည်အားထုတ်မှု တခုလား

Photo – dreamstime

ဇွန်၊ ၂၆

အထင်ကရ ဆရာတော်တပါး အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့လာချိန်မှာတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ သူတို့သုံးနေကျ နည်းလမ်းအတိုင်း ဘာသာရေး ဆူပူမှုတွေကို လှုံ့ဆော်ပြီး လက်နက်ကိုင် တော်လှန်ရေးကို အပုပ်ချဖို့ အားထုတ်လာဦးမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ တကယ်လည်း စစ်တပ်ဟာ အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)ကို လက်ညှိုးထိုး အပြစ်ဖို့တာမျိုး လုပ်ခဲ့တာကို တွေ့ရမှာပါ။

ပျံလွန်တော်မူခဲ့တဲ့ ဘုန်းတော်ကြီးတွေထဲမှာ ပဲခူးတိုင်းမှာရှိတဲ့ နာမည်ကျော် ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသလည်း ပါဝင်ခဲ့ပါတယ်။ သက်တော် ၇၈ နှစ်အရွယ် ဆရာတော်ကြီး စီးနင်းလိုက်ပါလာတဲ့ ကားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မန္တလေး နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာလာချိန် တခြားထရပ်ကား တစီးပေါ်က စစ်သားတွေရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ခန္ဓာချုပ်ငြိမ်းခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ ယာဉ်မောင်းဟာ လက်ချောင်း သုံးချောင်း ပြတ်တောက်သွားခဲ့ပြီး အတူပါလာတဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသကလည်း မှန်စတွေ ထိမှန်လို့ ဦးခေါင်း ဒဏ်ရာ ရခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ စစ်သားတွေက ကန်သုံးဆင့် ဆရာတော်ရဲ့ ဖုန်းကို သိမ်းယူပြီးတဲ့နောက် အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားပြီး နောက်တော့မှ တခြားစစ်သားတွေ ရောက်လာပြီး ဆရာတော်ကို မန္တလေး နန်းတွင်းမှာ ၅ နာရီလောက်ကြာအောင် စစ်ဆေး မေးမြန်းခဲ့ပြန်ပါတယ်။

အဲဒီ စစ်ဆေးမှုတွေအတွင်း ကန်သုံးဆင့် ဆရာတော် ရထားတဲ့ ဒဏ်ရာတွေကို စစ်တပ်က ကုသပေးမှု မရှိခဲ့ပါဘူး။ နောက်တော့ စစ်တပ် ထိန်းချုပ်ထားတဲ့ MRTV ရုပ်မြင်သံကြား ဌာနက ဝင်းနိမ္မိ ဆရာတော်ဘုရားကြီးဟာ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း PDFတွေ လက်ချက်ကြောင့် ပျံလွန်တော် မူခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပုံရတဲ့ သတင်းမှားတွေထဲက တခုမှာဆိုရင် PDFတွေက ဆရာတော်နှစ်ပါး ပါလာတဲ့ကားကို မိုင်းထောင် တိုက်ခိုက်ခဲ့တယ် ဆိုတာမျိုး ပုံဖော်ထားပါတယ်။

ဒါပေမဲ့လည်း အဲဒီ သတင်းမှားတွေဟာ ကျိုးကျောင်းဆက်စပ် ခိုင်မာမှု မရှိခဲ့သလို နောက်ပိုင်းမှာ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆရာတော်တွေရဲ့ ကားကို မှားယွင်းပစ်ခတ်မိကြောင်း ဝန်ခံပြီး ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။ PDFတွေကတော့ ဝင်းနိမ္မိ ဆရာတော်ကြီးရဲ့ ထင်ရှားမှု ဂုဏ်သတင်းရယ်၊ ငြင်းလို့မရလောက်အောင် ခိုင်မာတဲ့ သက်သေတွေ စုပုံလာတာရယ်ကြောင့်သာ စစ်တပ်က အခုလိုမျိုး ဝန်ခံ တောင်းပန်တာ ဖြစ်တယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။

ရမ်းကား ပစ်ခတ်ခဲ့တဲ့ စစ်သားတွေဟာ ကားထဲမှာ သံဃ သမဂ္ဂ (မန္တလေး)ရဲ့ နာယက ဆရာတော်တွေ ပါလာတယ်ဆိုတာ သိခဲ့ပုံ မပေါ်ဘူးလို့ PDF သတင်းရင်းမြစ်တွေက သုံးသပ်ခဲ့ပါတယ်။ မြန်မာ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး သံဃ အစည်းအရုံး တခုလည်းဖြစ်တဲ့ သံဃ သမဂ္ဂ (မန္တလေး)က အဲဒီ ပစ်ခတ်မှုဟာ လက်ခံနိုင်စရာ မရှိတဲ့ အကြမ်းဖက် လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပါတယ်။

စစ်တပ်ဟာ အခုကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်က အွန်လိုင်းမှာ အရမ်းပျံ့နှံ့သွားမယ် ဆိုတာရယ်၊ ကန်သုံးဆင့် ဆရာတော်က ဖြစ်စဉ်ကို တည်ငြိမ် လေးနက်မှု အပြည့်နဲ့ တိတိကျကျ ဖြေရှင်းလိမ့်မယ် ဆိုတာရယ်ကို ကြိုတွေးထားမိပုံ မပေါ်ပါဘူး။ ကန်သုံးဆင့် ဆရာတော်ဟာ ဖြစ်ပျက်ခဲ့တာကို သံဃာထုဆီ အသိပေး လျှောက်ထားရင်း ပစ်ခတ်မှုကို စစ်တပ်က ကျူးလွန်တယ် ဆိုတာကို တိတိကျကျ ဖော်ထုတ်ပြသွားခဲ့ပါတယ်။ ဒီကိစ္စ ရှုပ်ထွေးနေဆဲ အချိန်မှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နောက်ထပ် ဘုန်းတော်ကြီးတပါး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်က ပေါ်ထွက်လာပြန်ပါတယ်။ ဒီတကြိမ်ကလည်း မန္တလေးတိုင်းထဲမှာပဲ ဖြစ်ပြီး မြင်းခြံမြို့နယ်မှာပါ။

PDF သတင်းရင်းမြစ်တွေနဲ့ ပြည်တွင်း အွန်လိုင်း သတင်းဌာန တခုဖြစ်တဲ့ Voice of Springတို့က ကျေးရွာ ကျောင်းဆရာ တဦးနဲ့ ဘုန်းတော်ကြီး ဦးဥတ္တမတို့ ကားထဲမှာ ပစ်သတ်ခံရတဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။ ပစ်ခတ်မှုကို စစ်တပ်ကပဲ ကျူးလွန်တာဖြစ်ပြီး (ဇွန်လ ၂၆ ရက်နေ့ထိ) ဦးဥတ္တမရဲ့ ရုပ်ကလပ်ကို ပြန်ထုတ်မပေးသေးဘူးလို့ ဆိုပါတယ်။

ဦးဥတ္တမဟာ ဝင်းနိမ္မိ ဆရာတော်ကြီးလို အကျော်အမော် ပုဂ္ဂိုလ်တဦး မဟုတ်ပေမယ့်လည်း အခုကိစ္စကလည်း ပူပူနွေးနွေး ဖြစ်စဉ်ရဲ့ ဂယက်ကြောင့် လျင်လျင်မြန်မြန် ပျံ့နှံ့သွားတယ်။ ဒီကိစ္စတွေကို အခြေခံ ဆန်းစစ်ပြီးတဲ့နောက် ၇ လလောက် စစ်ရေးအရ ဆက်တိုက် ရှုံးနိမ့်မှုတွေ ကြုံနေတဲ့ စစ်တပ်ဟာ ပြည်တွင်းမှာ ဘာသာရေး အခြေခံတဲ့ ပဋိက္ခတွေ နောက်တခါ မီးမွှေးဖို့ ကြံစည်နေပြန်ပြီလား ဆိုတာကို PDFတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO)တွေက ကြီးကြီးမားမား သံသယ ဝင်လာပါတယ်။

“ဘုန်းကြီးတွေကို သူတို့ကသတ်ပြီး ကျွန်တော်တို့ကို အပြစ်ပုံချတာမျိုးပေါ့”လို့ PDF သတင်းရင်းမြစ် တဦးက The Diplomatကို ပြောပါတယ်။ ဒီလိုကိစ္စမျိုးဟာ​ မနှစ်က နှစ်ဆန်းပိုင်းလောက်မှာ အစပြုခဲ့ကြောင်း၊ PDFကို စစ်တပ်က လွှဲချပြီးတဲ့နောက် နိုင်ငံတော် ဩဝါဒ ဆရာတော်ကြီးတွေက သူတို့ဖက်က ရပ်တည်ပေးဖို့ စစ်ခေါင်းဆောင်တွေက မျှော်လင့်ခဲ့ဟန်ရှိကြောင်း၊ ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက် စစ်တပ်ဟာ အရင်ဆုံး ဘုန်းတော်ကြီးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တဲ့ အဆင့်ကို ကျူးလွန်မှာဖြစ်ကြောင်း သူက ဆိုတယ်။

မနှစ်က မတ်လတုန်းက လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့တဲ့ အစုလိုက် သတ်ဖြတ်မှု ၄ ခုလောက် ဖြစ်ခဲ့ဖူးပါတယ်။ မတ်လ ၁၆ ရက်နေ့တုန်းက ဖြစ်စဉ်မှာတော့ လူ ၂၉ ဦး သတ်ဖြတ်ခံရပြီး အဲဒီထဲမှာ ဘုန်းတော်ကြီး ၃ ပါး ပါဝင်ခဲ့တယ်။ အဲဒီတုန်းက ဇော်မင်းထွန်းဟာ PDFနဲ့ လက်တွဲ တိုက်ပွဲဝင်နေတဲ့ ကရင် EAO တခုကို အပြစ်တင်ခဲ့ပေမယ့် မှုခင်းသိပ္ပံဆိုင်ရာ အထောက်အထားတွေကတော့ သူ့စကားတွေနဲ့ ဆန့်ကျင်ဖက်ကို ညွှန်ပြနေခဲ့ပါတယ်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့က လူတွေကို အစုလိုက် ပစ်သတ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်လုပ် ၅.၅၁ မမ ကျည်ဆန်ကို အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်ထဲ ထည့်ပြီး ပစ်ခတ်ခဲ့တာလို့ ဖော်ထုတ်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ အဲဒီကျည်အမျိုးအစားကို စစ်တပ်ကပဲ အသုံးပြုနေပါတယ်။

တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကလည်း အဲဒီ တွေ့ရှိချက်ကို ထောက်ခံပြီး စစ်တပ်ဖက်က ဝါဒဖြန့် ထုတ်ပြန်ထားတာတွေကို ပယ်ချခဲ့ပါတယ်။ NUGက စစ်တပ်ရဲ့ အဆိုတွေဟာ အလိမ်အညာတွေသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေနဲ့ ဗုဒ္ဓဘာသာ​​ဝင်တွေ၊ ဆရာတော်တွေကြားမှာ သပ်လျှို သွေးခွဲနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်ပြီး အဲဒီလို လူမဆန်တဲ့ သတ်ဖြတ်မှုတွေကို ဘီလူးစစ်ကြောင်းလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမှတ် ၉၉ ခြေမြန်တပ်မရဲ့ စစ်ကြောင်းတခုက ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အခြေအနေ မဟန်မှန်း သိတဲ့အခါ စစ်တပ်ဟာ သူတို့ရဲ့ ထုတ်ပြန်ချက်ကို သိသိသာသာ လမ်းကြောင်းပြောင်းပြီး သတ်ဖြတ်ခံရတဲ့ ဘုန်းတော်ကြီးတွေဟာ PDF အဖွဲ့ဝင်တွေပါ ဆိုတာမျိုး လုပ်ကြံ စွပ်စွဲခဲ့ပြန်ပါတယ်။

ဦးဥတ္တမရဲ့ ရုပ်ကလပ်ကို မြင်းခြံ မြို့ခံတွေက ဆေးရုံတွေမှာ လိုက်လံ သတင်းစုံစမ်း ရှာဖွေရင်း ယောက်ယက်ခတ်နေကြောင်း PDFဖက်က ထုတ်ပြန်ချိန် ကျေးဇူးတော်ရှင် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ရုပ်ကလပ်ကတော့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ကို ပြန်လည် ရောက်ရှိနေပြီး တပည့် သံဃာတွေနဲ့ ဒါယကာ ဒါယကာမတွေက စိတ်နှလုံး ညှိုးခြုံးစွာနဲ့ပဲ နောက်ဆုံး နှုတ်ဆက် ပူဇော် ကန်တော့နေကြပါတယ်။

လက်ရှိ အခြေအနေတွေအပေါ် မူတည်ပြီး စစ်တပ်ဟာ ဘာသာရေးကို အခြေခံတဲ့ စစ်ပွဲပုံစံသစ် တခုကို လုပ်ကြံဖန်တီး မီးမွှေးဖို့ ကြံစည်နေကြောင်း အပ်ကျမတ်ကျ စွပ်စွဲဖို့ကတော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ ဘုန်းတော်ကြီးတွေဟာ အာဏာသိမ်း စစ်တပ် လက်ချက်ကြောင့် ပျံလွန်တော် မူနေရတယ်ဆိုတဲ့ အရှိတရားရဲ့ နောက်ကွယ်မှာ အကြောင်းရင်းပေါင်းစုံ ခိုအောင်းနေနိုင်ပါတယ်။ စစ်တပ်ဟာ နယ်ခြားဒေသတွေ အပါအဝင် နိုင်ငံအနှံ့က မြို့အတော်များများကို လက်လွှတ် ဆုံးရှုံးခဲ့ရတာကြောင့် သမိုင်းကြောင်းအရ စစ်တပ်ရဲ့ အဓိက ခြေကုပ်နယ်မြေတွေ ဖြစ်ခဲ့တဲ့ အလယ်ပိုင်း (ပြည်မ) ဒေသတွေကိုသာ ဆက်လက် ထိန်းချုပ်ထားနိုင်စွမ်း ရှိပါတော့တယ်။

“အထိနာနေတဲ့ စစ်တပ်ဟာ ချောင်ပိတ်ရိုက်ခံရသလို ဖြစ်နေပြီး တွေးကြည့်လို့တောင် မရနိုင်လောက်အောင် ယုတ်မာတဲ့ ကိစ္စမျိုးတွေကို သွေးရူးသွေးတမ်း လုပ်လာနိုင်ပါတယ်။ အဲဒီအခြေအနေဟာ အားလုံးအတွက် အမှောင်ဖုံးစေမယ့် လုပ်ရပ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်”လို့ PDF သတင်းရင်းမြစ် တဦးက သတိပေးသွားခဲ့ပါတယ်။

(The Diplomat၏ Killing of Monks Raises Fear of a Holy Conflict in Myanmar ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)