ကျောက်မဲမြို့ပေါ် တိုက်ပွဲဆက်လက်ပြင်းထန်၊ မြို့ခံတွေပိတ်မိနေ

Photo – TNLA

ဇွန် ၊ ၂၆ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာ ဒီကနေ့ ဇွန်လ ၂၆ ရက်၊ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြို့ခံတွေလည်း မြို့ပြင်တိမ်းရှောင်လို့ မရဘဲ ပိတ်မိနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီနေ့ မနက်ကတော့ ကျောက်မဲဘက်မှာ စခန်းသာက တနေရာရှိမယ်၊ နောက်တခုကတော့ စစ်ကောင်စီရဲ့ ၃၅၂ အမြောက်တပ်စခန်းနေရာမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားတာရှိတယ်” လို့ တအာင်းတပ်(PSLF/TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DNA ကို ပြောပါတယ်။ 

TNLA ဦးဆောင်တဲ့ တပ်တွေက ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ မိုးကုတ်ဘက်က စစ်ကောင်စီတပ်စခန်းတွေကို မနေ့ကစပြီး ထိုးစစ်ပြန်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ 

“ဒီမနက်ကတော့ မြို့နယ်(မြို့မ)ရဲစခန်းဘက်လည်း ဖြစ်နေတယ်၊ ၉ နာရီ ၄၅ လောက်အထိတော့ ထိတွေ့မှုဖြစ်တယ်၊ အခုလောလောဆယ်တော့ ငြိမ်သွားပြီ” လို့ ကျောက်မဲမြို့ခံတဦးက DNA ကို ပြောပါတယ်။ 

ကျောက်မဲမြို့မ ရဲစခန်းကို TNLA နဲ့ ပူးပေါင်းတပ်တွေ ဒီနေ့ မနက်မှာပဲ သိမ်းပိုက်လိုက်နိုင်ပြီလို့ သတင်းတွေထွက်နေပေမယ့် TNLA ဘက်ကတော့ အတည်ပြုပြောကြားတာမျိုးမရှိသေးပါဘူး။ 

နှစ်ဖက်တိုက်ပွဲတွေကြောင့် မြို့ခံတွေလည်း မြို့ကိုစွန့်ခွာ တိမ်းရှောင်လို့မရဘဲ ပိတ်မိနေကြတယ်လို့ ဆိုကြပါတယ်။ 

“ပေးမထွက်တာမျိုးတော့ မဟုတ်ဘူး၊ ထွက်လိုက်ရင် လက်နက်ငယ်တွေ(ပစ်နေတာ)နဲ့ ဆိုတော့ မထွက်ရဲဘူးဖြစ်နေတာ၊ ဘယ်အဖွဲ့ကိုမှလည်း ထင်းထင်းကြီးမမြင်ရတော့လေ၊ မြင်ရင်တော့ ပြောပြီး သွားရဲတယ်” လို့လည်း ကျောက်မဲမြို့ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း မနေ့က တရက်ထဲမှာပဲ ထိခိုက်ဒဏ်ရာရတဲ့မြို့ခံ ခုနစ်ဦးထက်မနည်းရှိပြီး အဲထက်က လေးဦးကတော့ သေဆုံးသွားပြီလို့လည်း သူက ပြောပါတယ်။ 

ကျောက်မဲမြို့ရဲ့ အနီးဝန်းကျင် ပတ်ပတ်လည်မှာရှိတဲ့ သီပေါ၊ နောင်ချိုနဲ့ မိုးကုတ်မြို့တွေဘက်မှာလည်း အခုထက်ထိ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အပြင် ရဟတ်ယာဥ်နဲ့လည်း စစ်မြေပြင်ကို လက်နက်ခဲယမ်းတွေ ပို့ဆောင်ပေးနေတယ်လို့ TNLA က ဆိုပါတယ်။ 

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်မှာ နှစ်လခွဲလောက်ကြာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲပြီးနောက် တရုတ်အစိုးရရဲ့ကြားဝင်ညှိနှိုင်းပေးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကစလို့ နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူခဲ့တာပါ။

ဒါပေမယ့် အဲဒီလို အပစ်ရပ်ပြီး ရက်ပိုင်းအကြာမှာပဲ TNLA နဲ့ စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပြီး မနေ့ကတော့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တဲ့ အခြေအနေထိ ဖြစ်လာခဲ့တာပါ။

အခုထိုးစစ်တွေက ၁၀၂၇စစ်ဆင်ရေးအဆက်လို့လည်းTNLAကထုတ်ပြန်ထားပါတယ်။