ဝင်းနိမ္မိတာရုံဆရာတော်အရိုးပြာကိုစစ်တောင်းမြစ်အတွင်းမျှောချပူဇော်မယ်

Photo – ဝင်းနိမ္မိတာရုံစာသင်တိုက် Facebook page

ဇွန်၊ ၂၅

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ပျံလွန်ခဲ့ရတဲ့ ပဲခူးမြို့ကဝင်းနိမ္မိတာရုံစာသင်တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသရဲ့ အန္တိမအဂ္ဂီဈာပနက ကြွင်းကျန်ရစ်မဲ့ အရိုးပြာတွေကို စစ်တောင်းမြစ်အတွင်း မျှောချပူဇော်မှာ ဖြစ်တယ် လို့ သိရပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ဇွန်လ ၂၇ရက်မှာ ပဲခူးမြို့ကလောင်တိုက်ကွင်းနေရာမှာ မီးပူဇော်မှာဖြစ်ပြီး ကျန်ရစ်တဲ့ အရိုးပြာကိုတော့ နောက်တရက်မှာ ဝေါမြို့နယ် စစ်တောင်းတံတားအောက်မှာရှိတဲ့ ကမ်းကြီးဆိပ် ကျေးရွာကတဆင့် စစ်တောင်းမြစ်ထဲ မျှောချပူဇော်မယ်လို့ ဈာပနအတွက်ပါဝင်ဆောင်ရွက်နေတဲ့တပည့် သံဃာ တွေကအသိပေးထားပါတယ်။

ဆရာတော်ရဲ့ သီလ၊သမာဓိ၊ပညာဂုဏ်တို့ကိုနောက်ဆုံးပူဇော်လိုသူတွေအနေနဲ့ ဆရာတော်ရဲ့အရိုးပြာကို ပင့် ဆောင်လာမယ့် လမ်းတလျှောက် ကားလမ်းဘေး ဝဲ၊ယာတွေကနေ ငြိမ်ငြိမ်သက်သက် ပူဇော်နိုင်တဲ့အကြောင်း လည်း ဖော်ပြထားပါတယ်။

ဆရာတော်ရဲ့အရိုးပြာ အပူဇော်ခံယာဉ်တန်းဟာ ဇွန်လ ၂၈ရက် နေ့လယ်တနာရီကျော်လောက်မှာ ပဲခူးမြို့ ဝင်းနိမ္မိ တာရုံကျောင်းတိုက်ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး အရိုးပြာ မျှောချပူဇော်မယ့် ကမ်းကြီးဆိပ်ရွာအနီးက  ညောင် ခါးရှည်ကို ညနေ လေးနာရီဝန်းကျင်မှာရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။

မန္တလေးမြို့မှာ ကျင်းပမယ့် ရွှေကျင်နိကာယ(ရွှေကျင်ဂိုဏ်း)ဗဟိုအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်ဖို့သွားရင်း အတူပါတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ဇာတိ ငါန်းဇွန်မြို့နယ် ကမ္မကျေးရွာကိုကြွရောက်ပြီးအပြန် ဇွန်လ ၁၉ရက် မ နက်ပိုင်းမှာ ဆရာတော်တွေလိုက်ပါလာတဲ့ ကားကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်တာကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်ခဲ့တာပါ။

ဆရာတော်ရဲ့ ဈာပနကို ကိုးရက်ကြာကျင်းပဖို့ အန္တိမဈာပန ကျင်းပရေး ကော်မတီကသတ်မှတ်ထားပြီး လက်ရှိမှာ နောက်ဆုံး မီးပူဇော်မယ့် လောင်တိုက်ကွင်းနေရာကို ကြိုတင်ဆောက်လုပ်ပြင်ဆင်နေမှုတွေလုပ်နေပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့တာနဲ့ပတ်သက်လို့ PDF တွေကပစ်ခတ်တာလို့ စစ်ကောင်စီက ကနဦး သတင်း ထုတ်ခဲ့ပေမယ့် ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကံသုံးဆင့်ဆရာတော်က စစ်သားတွေပစ်ခတ်ခဲ့ကြောင်း၊ဆရာတော်ကိုလည်း အခင်းဖြစ်ချိန်ကနေ ညကိုးနာရီကျော်အထိ အကြိမ်ကြိမ်စစ်ဆေးမေးမြန်းခဲ့ကြောင်းဖွင့်ချခဲ့ပါတယ်။

ကံသုံးဆင့်ဆရာတော်ရဲ့ဖွင့်ချမှုကြောင့် စစ်ကောင်စီကသူတို့ရဲ့ကနဦးသတင်းထုတ်ပြန်ချက်ကို ပြန်လည် ပြင်ဆင် ကာ အဖြစ်မှန်ပေါ်ပေါက်ရေးဆောင်ရွက်မယ်လို့ ဆိုထားသလို အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း မနေ့က သာသနာရေးဝန်ကြီးကိုစေလွှတ်ပြီးစာပေးပို့တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီတောင်းပန်လျှောက်ထားမှုကို စစ်ကောင်စီက နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင် သတင်းထုတ်ပြန်ရေးပလက် ဖောင်းအားလုံးမှာ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

စစ်ကောင်စီသာသနာရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့ လာရောက်တောင်းပန်လျှောက်ထားချိန်မှာ ဝင်းနိမ္မိတာရုံ ပျံ လွန်ခဲ့တဲ့ဖြစ်ရပ်ဟာ မေ့ဖျောက်နိုင်စရာ မဟုတ်တဲ့အကြောင်း ဆရာတော်နဲ့အတူ ကြခတ်ဝိုင်းစာသင်တိုက်ကို ဆယ်စုနှစ်သုံးခုလောက် ဦးဆောင်ခဲ့တဲ့လက်ရှိကြခတ်ဝိုင်းဆရာတော်က တုံ့ပြန်မိန့်ကြားခဲ့ပါတယ်။