မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ ဖြစ်နေပြီလား

Photo – ယောအလင်းတန်း/ Social Media

ဇွန်၊ ၂၄

မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ [Failed State] ဖြစ်နိုင်၏ – မဖြစ်နိုင်၏ ဆိုတာကို နားလည်နိုင်ဖို့အတွက်၊ ကျရှုံးနိုင်ငံဆိုတာ ဘာလဲ၊ ကျရှုံးနိုင်ငံဆိုတာကို ပြောနိုင်ဖို့အတွက် ဘယ်လို ဝိသေသလက္ခဏာမျိုးတွေ တွေ့ရသလဲဆိုတာကို အရင်ဆုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဘယ်လို အင်္ဂါရပ်မျိုးတွေကို တွေ့ရတယ်ဆိုရင်၊ ကျရှုံးနိုင်ငံဖြစ်လာပြီလို့ ပြောနိုင်သလဲဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ လောလောဆယ်အားဖြင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ အခြေခံအားဖြင့် သတ်မှတ်လက်ခံထားတဲ့ ကျရှုံးနိုင်ငံတွေရဲ့ ဝိသေသ တချို့နဲ့ စတင်ရအောင်ပါ။

၁။ နယ်မြေထိန်းချုပ်မှု ဆုံးရှုံးခြင်း။

[Loss of Control over Territory] လို့ခေါ်ပါတယ်။ ဗဟိုအစိုးရအနေနဲ့ နိုင်ငံ့အတွင်းက နယ်နိမိတ်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဒေသတွင်း စစ်ဘုရင်တွေသော်လည်းကောင်း၊ ပြည်တွင်းက သူပုန်သကန်တွေ ထကြွလို့သော်လည်းကောင်း၊ ရာဇဝတ်ဂိုဏ်းတွေ ထူပြောလာလို့သော်လည်းကောင်း နယ်မြေထိန်းချုပ်နိုင်မှုမှာ ဗဟိုအစိုးရက လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

သီအိုရီသဘောတရားရေးအရကတော့၊ ဗဟိုအစိုးရလို့ သုံးနှုန်းပေမယ့် မြန်မာနိုင်ငံမှာတော့ ဗဟိုအစိုးရရဲ့ အာဏာကို သိမ်းယူပြီး အစိုးရတက်လုပ်နေတဲ့ စစ်ကောင်စီ ရှိပါတယ်။ စစ်ကောင်စီဟာ မြန်မာစစ်တပ်ကို ဦးစီးကွပ်ကဲထားပြီး ဗဟိုအစိုးရနေရာမှာ ဝင်ယူဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်မှာတော့ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာ ရှိနေပြီး၊ လူမျိုးစုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို အရှိန်အဟုန်နဲ့ ဆင်နွှဲနေကြပါတယ်။ ဒါ့အပြင် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကလည်း အဖွဲ့ကြီး၊ အဖွဲ့ငယ်ပေါင်း ရာနဲ့ချီ ပေါ်ထွက်လာတာပါ။ ယခု အခြေအနေမှာ မြန်မာနိုင်ငံဟာ အပြင်းထန်ဆုံးသော ပြည်တွင်းစစ်နဲ့ ကြုံနေပြီး အာဏာသိမ်း စစ်ကောင်စီဟာ အာဏာသိမ်းနိုင်ပေမယ့်၊ အာဏာထိန်းနိုင်တာကို မလုပ်နိုင်တဲ့အပြင် သူ ထိန်းချုပ်ထားတဲ့ ဧရိယာတွေ အမြောက်အမြားကို လက်လွှတ် ဆုံးရှုံးနေရပါတယ်။ အကြီးကျယ်ဆုံးသော နယ်မြေလက်လွှတ်ရမှုတွေကို၊ မြန်မာစစ်တပ်သမိုင်းမှာ မကြုံဖူးရလောက်အောင် လက်လွှတ် ဆုံးရှုံးနေရပါတယ်။ မြန်မာစစ်တပ်ဟာ ဗမာလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်နေရရုံမက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ဆင်ရေးနဲ့ ထိုးစစ်တွေမှာပါ စစ်ရေးကျရှုံးမှုနဲ့ နယ်မြေတွေကို လက်လွှတ်ပေးနေရပါတယ်။ ဒါဟာ ကျရှုံးနိုင်ငံမှာ ဗဟိုအစိုးရက နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးရတယ်ဆိုတဲ့ အချက်ဆိုတာထက်၊ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုင်တော်လှန်ရေးဟာ၊ အကြီးကျယ်ဆုံးသော ပြည်တွင်းစစ်အဖြစ် အသွင်ပြောင်းခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ အင်အားအကြီးမားဆုံးဖြစ်တဲ့ မြန်မာစစ်တပ်ဟာ နယ်မြေတွေကို မထိန်းချုပ်နိုင်ဘဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လွတ်မြောက်နယ်မြေ အမြောက်အမြား ပေးထွက်လာခြင်းကို တွေ့ရပါတယ်။ တော်လှန်ရေးအင်အားစုဘက်က ကြည့်ရင်၊ ဒါဟာ ကျရှုံးနိုင်ငံ မဟုတ်ဘဲ စစ်အာဏာရှင်ကို ပြိုလဲအောင် စစ်ရေးအရ အောင်နိုင်လိုက်ခြင်းလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ အရပ်သား ဗဟိုအစိုးရဟာ အာဏာသိမ်းမှုနဲ့ ကြုံပြီး၊ အာဏာသိမ်းစစ်ကောင်စီကလည်း ဗဟိုအစိုးရ အဖြစ် အာဏာ မထိန်းသိမ်းနိုင်တဲ့ အခြေအနေကို ပြနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကျရှုံးနိုင်ငံဖြစ်ဖို့ လမ်းစလား သို့တည်းမဟုတ် နိုင်ငံသစ်တစ်ဖန် မွေးဖွားဖို့အတွက် လမ်းစလားဆိုတာကို လောလောဆယ်အားဖြင့် တိတိပပ ပြောဖို့ ခက်နေပါတယ်။

၂။ တရားဝင်ဖြစ်မှုများ ဆုတ်ယုတ်ခြင်း။

[Erosion of Legitimate Authority] လို့ခေါ်ပါတယ်။ ပြည်သူအများအပြားဟာ အစိုးရရဲ့ ဖြစ်တည်မှုနဲ့ အစိုးရရဲ့ တရားဝင်ဖြစ်မှုအပေး မေးခွန်းထုတ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ အစိုးရတစ်ရပ်ဟာ တရားဝင်ဖြစ်မှု လျော့ကျလာတာကြောင့်၊ ၎င်းအစိုးရကနေ ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေနဲ့ ပြဋ္ဌာန်းတဲ့ ဥပဒေတွေကလည်း ထိထိရောက်ရောက် အသက်ဝင်တာမျိုး မဖြစ်တော့ပါဘူး။ ကွက်ကြားသက်ရောက်မှုတွေနဲ့ ကြိုကြား အသက်ဝင်မှုတွေလောက်သာ ရှိပါတော့တယ်။ ဒါ့အပြင် ၎င်းအစိုးရအပေါ် လူထုယုံကြည်မှု လျော့ကျလာပြီး၊ အကျင့်ပျက် ခြစားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။

သီအိုရီသဘောတရားရေးအရကတော့၊ အစိုးရတစ်ရပ်လို့ သုံးနှုန်းပေမယ့် မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီဟာ အစိုးရတစ်ရပ်အဖြစ် ၂၀၂၁ ဖေဖော်ဝါရီလကတည်းက မြန်မာပြည်သူလူထုရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲသည့်လို ငြင်းပယ်ခံရပေမယ့်၊ လက်နက်အားဖြင့် အတင်းအဓမ္မ ထိန်းချုပ်ပြီး အစိုးရဖြစ်ဖို့ စစ်ကောင်စီက ကြိုးစားခဲ့ပါတယ်။ လူထုရဲ့ ဆန့်ကျင်မှုထဲမှာ “လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်ကောင်စီရဲ့ အစိုးရဖြစ်ခွင့်ကို ငြင်းပယ်ဆန့်ကျင်ကြသလို၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု [Civil-Disobedience Movement] နဲ့ စစ်ကောင်စီလက်အောက်က အစိုးရ ဗျူရိုကရေစီယန္တရား မလည်ပတ်အောင် ကြိုးစားခဲ့ကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီအနေနဲ့ အစိုးရဖြစ်ခွင့် နဂိုမူလကတည်းက တရားဝင်ဖြစ်မှုကို ကောင်းစွာ မရရှိခဲ့သလို၊ တည်ဆဲ အခြေအနေမှာလည်း အာဏာမထိန်းနိုင်ဘဲ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းဟာ ကသောင်းသနင်းဖြစ်မှုနဲ့ ကြုံနေကြရပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ အမိန့်တွေဟာ ကွက်ကြားသက်ရောက်မှုသာ ရှိပြီး နိုင်ငံ့နယ်နိမိတ် တစ်ဝှမ်းလုံးမှာ သက်ရောက်မှု မရှိပါဘူး။ စစ်ကောင်စီ ထိန်းချုပ်ဧရိယာတွေဖြစ်တဲ့ မြို့တွေ ရွာတွေမှာလည်း လက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ စစ်ဗိုလ် စစ်သား အရာရှိတွေနဲ့ ရဲဌာနတွေဟာ အကျင့်ပျက်ခြစားပြီး လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပျက်စီးခြင်း အစလား၊ ဒါမှမဟုတ် ကျရှုံးနိုင်ငံဖြစ်မှုရဲ့ ဝိသေသလက္ခဏာလားဆိုတာကို သေချာ အတိအလင်း ပြဆိုနိုင်မယ်လို့ ယူဆပါတယ်။

၃။ ပြည်သူ့ဝန်ဆောင်မှုများ မပေးနိုင်တော့ခြင်း။

[Inability to Provide Public Services] လို့ခေါ်ပါတယ်။ နိုင်ငံအတွင်းမှာ လူထုအတွက် အခြေခံ ပြည်သူ့ဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အခြေခံ အဆောက်အအုံနဲ့ အထွေထွေ လုံခြုံရေးပြဿနာတွေ ပေါ်ပေါက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရွာတွေ ၊ ရပ်ကွက်တွေမှာ ရှိထားတဲ့ ပြည်သူလူထု အရေအတွက်ရဲ့ လိုအပ်ချက်ကို ပြည့်တင်းအောင် ဖြည့်ဆည်းမပေးနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

သီအိုရီအရကတော့ ပြည်သူ့ဝန်ဆောင်မှုတွေကို ပြည့်တင်းအောင် ဖြည့်ဆည်းမပေးနိုင်တော့ဘူးလို့ ဆိုပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ပြည်သူ့ဝန်ဆောင်မှုတွေဟာ လုံလုံလောက်လောက် ရခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ရာအားဖြင့် တည်ငြိမ်မှုကို ထိန်းထားနိုင်တဲ့ အခြေအနေ ရှိခဲ့တာကြောင့် အစိုးရက လုံလောက်တဲ့ ပြည်သူ့ဝန်ဆောင်မှုကို မပေးနိုင်ပေမယ့် စျေးကွက်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အပံ့အပိုးနဲ့ ပြည်သူလူထုဟာ သူတို့ရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်တင်းနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံလာရတဲ့ အထွေထွေ အကျပ်အတည်းတွေဟာ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံ အဆောက်အအုံတွေဟာ တဖြည်းဖြည်း ယိုယွင်း ပျက်စီး ဆုံးရှုံးလာရပါတယ်။ တော်လှန်ရေးမှာ စစ်ကောင်စီကို အုပ်ချုပ်ခွင့်မရအောင် CDM လှုပ်ရှားမှုတွေနဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” “ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုတဲ့ ကြွေးကြော်သံတွေ ပေါ်လာခဲ့သလို၊ ကျန်းမာရေးနဲ့ ပညာရေးမှာ နိုင်ငံရေးဇာတ်သွင်းခံလာရပြီး လူထုဟာ ကျန်းမာရေး စောင့်ရှောက်ခွင့်နဲ့ ပညာသင်ယူခွင့်တွေ တဖြည်းဖြည်း ဆုံးရှုံးလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ လက်နက်ကိုင်လမ်းစဉ် ရေပန်းစားလာပြီး ဆေးရုံနဲ့၊ ကျောင်းတွေဟာ လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးရဲ့ စစ်ရေးပစ်မှတ်တွေ ဖြစ်လာပါတော့တယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီအတွက်လည်း နိုင်ငံရေးအကျပ်အတည်း၊ စစ်ရေးအကျပ်အတည်း၊ ဘဏ္ဍာငွေ အကျပ်အတည်း၊ အုပ်ချုပ်ရေးအကျပ်အတည်းတွေ ကြုံပြီး နိုင်ငံ့အတွင်းမှာ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်း၊ တံတား၊ ရေနဲ့ လျှပ်စစ်မီး စတဲ့ အခြေခံ အဆောက်အအုံတွေ လုံလောက်စွာ ရရှိအောင် မစွမ်းနိုင်တော့ပါဘူး။ ပြည်သူ့ဝန်ဆောင်မှု ယန္တရား ပျက်ယွင်းပြီး လူထုရဲ့ အခြေခံ လိုအပ်ချက်တွေကို မဖြည့်တင်းနိုင်ခြင်းဟာ ကျရှုံးနိုင်ငံ တစ်ခုရဲ့ ဝိသေသဖြစ်ကြောင်း အတိအလင်း ပြဆိုနေတာ တွေ့ရပါတယ်။

၄။ စီးပွားရေး ပြိုလဲခြင်း။

[Economic Collapse] လို့ခေါ်ပါတယ်။ လူထုရဲ့ အထွေထွေ စားဝတ်နေရေး အကျပ်အတည်းက အလွန်အမင်း ပြင်းထန်လာရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုံ အလုပ်ရုံတွေလည်း ပိတ်သိမ်းကုန်ကြရတဲ့ အခြေအနေဖြစ်ပါတယ်။ အလုပ်လက်မဲ့တွေ များပြားပြီး ငွေကြေးဖောင်းပွမှုလည်း မြင့်တက်လာလို့ အထွေထွေ ကုန်ကျစရိတ် မြင့်တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရကနေ စီးပွားရေးမူဝါဒတွေ အပြောင်းအလဲ လုပ်ပြီး စီမံခန့်ခွဲပေမယ့်လည်း အကျင့်ပျက်ခြစားမှုတွေသာ မြင့်တက်လာပြီး စီးပွားရေးဟာ အကျပ်အတည်းအတွင်းက မလွတ်မြောက်လာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေး အခွင့်အလမ်းသစ်တွေကိုလည်း ဖန်တီးပေးနိုင်စွမ်း မရှိတော့သလို၊ ပြည်သူလူထုထဲမှာ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာပါတယ်။ ရှာဖွေ စားသောက်နေထိုင်နိုင်မှုမှာ အလွန် ခက်ခဲလာပြီး ကုန်သွယ်ကူးလူးမှုတွေလည်း နှောက်နှေးကြန့်ကြာလာခါ လုပ်ငန်းတွေ အရှုံးပေါ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ရေး မလုပ်နိုင်တော့သလို၊ အခြေခံ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းတွေလည်း ဆုတ်ယုတ်ကျဆင်းကုန်တဲ့ အခြေအနေဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအပြင် ပို့ကုန်တင်ပို့မှုမှာ ယုတ်လျော့လာပြီး သွင်းကုန် ပိုလွန်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ လိုအပ်ချက် မြင့်တက်လာပြီး စီးပွားရေး ပြိုလဲမှု စတင်လာတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံ့အတွင်းမှာ စျေးကွက်ဟာ ထိန်းမရနိုင်လောက်အောင် ကမောက်ကမ ဖြစ်လာပြီး၊ နိုင်ငံ့စီးပွားရေး ပြိုလဲတဲ့ အခြေအနေအထိ ဦးတည်လာတဲ့ အခြေအနေပါ။

သီအိုရီ သဘောတရားရေးအရ၊ ကျရှုံးနိုင်ငံအဖြစ် တွေ့ရတဲ့ ဝိသေသတွေထဲမှာ နိုင်ငံ့စီးပွားရေး ပြိုလဲခြင်း လက္ခဏာရပ်တွေဟာ မြန်မာနိုင်ငံမှာလည်း အပြည့်အဝ ကြုံတွေ့နေပါတယ်။ ဘဏ်စနစ် ပြိုလဲခြင်း၊ ငွေကြေးဖောင်းပွမှု အလွန်အမင်း မြင့်တက်လာခြင်း အပြင် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာခြင်း၊ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီး သွင်းကုန် လိုအပ်ချက်မြင့်လာခြင်း၊ လောင်စာဆီ လုံလောက်စွာ မရခြင်းနဲ့ တိုင်းပြည် ပြည်တွင်းစစ်ကြောင့် အထွေထွေ စစ်ရေးစရိတ်ဟာ ပြည်သူလူထုအပေါ် ဝန်ပိလာခြင်းတွေဟာ ကျရှုံးနိုင်ငံတစ်ခုရဲ့ ဝိသေသလက္ခဏာအဖြစ် အပြည့်အဝ ပြသနေတာ တွေ့ရပါတယ်။

၅။ လူ့အခွင့်အရေး ချိုးဖောက်မှုများ။

[Human Rights Violations] လို့ ခေါ်ပါတယ်။ နိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အနှံ့အပြား ဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ မတရားဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ တရားမဲ့စွာ သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် အသတ်ခံရခြင်း စတာတွေ ကျယ်ပြန့်စွာ ပေါ်ပေါက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုတွေ ရှိလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးလာပြီး ပြည်သူလူထု တစ်ဦးချင်းစီမှာလည်း စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ညှဉ်းဆဲမှုတွေ ပုံစံအမျိုးမျိုးနဲ့ ခံစားရလာတဲ့ အခြေအနေဖြစ်ပါတယ်။

သီအိုရီသဘောတရားရေးအရ၊ ကျရှုံးနိုင်ငံတစ်နိုင်ငံရယ်လို့ ပြောနိုင်ဖို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အမြောက်အမြား ပေါ်လာတဲ့ အခြေအနေလို့ ပြောပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ စစ်အာဏာသိမ်းမှု မဖြစ်ခင် အချိန်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အမြောက်အမြား ရှိနေခဲ့တာပါ။ ဒါပေမယ့် စစ်အာဏာသိမ်းမှု အပါအဝင် လက်နက်ကိုင်လမ်းစဉ် ရေပန်းစားလာပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အကျယ်ပြန့်ဆုံးသော ပြည်တွင်းစစ်အသွင် ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီး (၄) နှစ်တာကာလထဲကို ရောက်လာချိန်မှာတော့၊ မြန်မာပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဘက်တစ်ဖက်တည်းက မဟုတ်တော့ဘဲနဲ့ ဘက်အသီးသီးက ဖြစ်လာတာတွေ့ရပါတယ်။ ဒါ့အပြင် အလွှာအသီးသီးမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကို ပုံစံမျိုးစုံနဲ့ ခံစားလာရတဲ့ အခြေအနေပါ။ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ မြန်မာစစ်တပ်တစ်ခုတည်းက လူ့အခွင့်အရေးကို စနစ်တကျ ကျူးလွန်တာ မဟုတ်ဘဲနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်းမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ပျက်ကွက်လာကြတာ အမြောက်အမြား ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့ငယ်တွေအတွင်းမှာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိသိသာသာ ထင်ထင်ရှားရှား မြင်တွေ့လာရခြင်းပါ။ ဒါတွေဟာ မြန်မာနိုင်ငံအဖို့ ကျရှုံးနိုင်ငံတစ်ခု ဖြစ်လာဖို့ သိသာထင်ရှားတဲ့ လမ်းစ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

၆။ ပြည်တွင်း ပဋိပက္ခ။

[Internal Conflict] လို့ခေါ်ပါတယ်။ နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းစုံနဲ့ ကြုံတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်တွင်းပဋိပက္ခလို့ ပြောတဲ့နေရာမှာ၊ လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးစုပဋိပက္ခနဲ့ နိုင်ငံရေးပဋိပက္ခပေါင်းစုံကို ကြုံတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေဟာ နိုင်ငံ့အနှံ့အပြားမှာ ဖြစ်ပေါ်လာပြီး၊ ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခကို သက်ဆိုးရှည်လာစေခြင်း အခြေအနေတစ်ရပ်ဖြစ်ပါတယ်။

ကျရှုံးနိုင်ငံတစ်ခုရဲ့ အသွင်အပြင် လက္ခဏာရပ်တွေမှာ၊ ပြည်တွင်း ပဋိပက္ခလို့ ပြောသလို၊ မြန်မာနိုင်ငံမှာလည်း လက်နက်ကိုင်တော်လှန်ရေးမှသည် အကြီးမားဆုံးသော ပြည်တွင်းစစ်အခြေအနေအထိ ထိုးတက်သွားတာ တွေ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခဟာ မြန်မာနိုင်ငံမှာ မြို့ကြီးနဲ့ ကျေးလက်တောရွာတွေ အနှံ့ ဖြစ်ထွန်းနေသလို၊ တောင်ပေါ် ဒေသနဲ့ မြေပြန့်ဒေသတွေမှာလည်း လက်နက်ကိုင်ပဋိပက္ခကို တွေ့နေရပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကလည်း မြန်မာနိုင်ငံမှာ ဒုလိုက်ဒေးလိုက် ပေါ်ပေါက်နေတာတွေ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တွေ့မြင်ရတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ် ဦးတည်ခေါ်ဆောင်နေတယ်လို့ တိတိကျကျ ပြောနိုင်ပါတယ်။

၇။ လူသားဖြစ်တည်မှု အကျပ်အတည်း။

[Humanitarian Crises] လို့ ခေါ်ပါတယ်။ နိုင်ငံ့အတွင်းက လူဦးရေ အများအပြားဟာ စားနပ်ရိက္ခာပြတ်လပ်မှု၊ သန့်ရှင်းတဲ့ရေ မရရှိမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ အမြောက်အမြား ကြုံတွေ့လာရတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံဟာ အရေးပေါ် အခြေအနေကို ရောက်ရှိလာပြီး၊ အုပ်ချုပ်စီမံမှုတွေ ပျက်ပြားလာတာကြောင့် လူသားဖြစ်တည်မှု အကျပ်အတည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့လာရတဲ့ အခြေအနေဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက မြန်မာပြည်သူလူထုအပေါ် လူသားဖြစ်တည်မှု အကျပ်အတည်းတွေ ကြုံတွေ့အောင် လုပ်လိုက်ပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကို ဖြိုခွင်းချင်လို့ ပြည်သူလူထု အမြောက်အမြားကို ဖမ်းဆီး အရေးယူတဲ့ အပြင် ထောင်ချ၊ အကျဉ်းချပြီး စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တာတွေအထိ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်လာတော့လည်း၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့အတွက် ပြင်းထန်သော စစ်ဆေး ဖမ်းဆီးမှုတွေကို လုပ်ဆောင်လာပါတယ်။ လက်နက်ကိုင်အဖွဲ့အချင်းချင်း တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် သတ်ဖြတ်မှု၊ တိုက်ခိုက်မှု၊ လုပ်ကြံမှုတွေဟာ စစ်ပွဲဆီသို့ ဦးတည်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းစစ်နဲ့ စစ်ပွဲတွေဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ လူသားဖြစ်တည်မှုတွေကို ခြိမ်းခြောက်နေပါတယ်။ အကျယ်ပြန့်ဆုံးသာ လူသားဖြစ်တည်မှုအကျပ်အတည်းကို တောရော၊ မြို့ပါ မကျန်၊ တောင်တန်း ပြည်မပါ မကျန်၊ ပြည်တွင်း နယ်စပ်ပါ မကျန် ကြုံတွေ့နေရပါတယ်။ ဒါဟာ ကျရှုံးနိုင်ငံဖြစ်ဖို့အတွက် မြန်မာနိုင်ငံအဖို့ လုံလောက်သော လက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။

၈။ ဒုက္ခသည် နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ။

[Refugee and Displacement Issues] လို့ခေါ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ စစ်ပွဲတွေ၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ အထွေထွေ မလုံခြုံမှု ပြဿနာတွေ၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ပြီး ဒုက္ခသည်ဖြစ်လာခြင်း အခြေအနေပါ။ ပြည်တွင်းမျာ နေရပ်စွန့်ခွာ ထွက်ပြေးသူ အရေအတွက် သိသာထင်ရှားလာပြီး ဒုက္ခသည်အရေအတွက်နဲ့ ရွှေ့ပြောင်းသူ အရေအတွက် ဒုလိုက်ဒေးလိုက် ရှိလာတဲ့ အခြေအနေပါ။

ကုလသမဂ္ဂရဲ့ ထုတ်ပြချက်အရ၊ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း (၃) သန်းကျော် ရှိနေတယ်လို့ ပြောပါတယ်။ သန်းခေါင်စာရင်းအရ လူဦးရေ သန်း (၅၂) သန်းကျော် ရှိတဲ့ မြန်မာနိုင်ငံမှာ လူ (၅၀) မှာ၊ လူ (၃) ယောက်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဖြစ်နေတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကို ဖိနှိပ်ဖို့အတွက် ဖမ်းဆီးခံရတဲ့ ပြည်သူလူထု အမြောက်အမြား ရှိသလို၊ စစ်ကောင်စီက နေအိမ်တွေ ချိတ်ပိတ်ပြီး နှောက်ယှက် ဖျက်စီးတာတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူလူထုဟာ အမြောက်အမြားရှိပါတယ်။ ယခု ၂၀၂၄ ခုနှစ်ထဲမှာဆိုရင် လက်နက်ကိုင်ဖက်အသီးသီးက စစ်သားစုဆောင်းရေး လုပ်လာတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတဲ့ လူငယ်အရေအတွက်ဟာ ပိုမိုတိုးပွားလာပါတယ်။ ပြည်မနဲ့ မြို့ကြီးတွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းမှုတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်လို့ မြန်မာနိုင်ငံအတွင်းက လူငယ်အမြောက်အမြားဟာ တောထဲ တောင်ထဲ ရောက်ရှိသွားကြသလို၊ နယ်စပ်နဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်မှုတွေလည်း အမြောက်အမြား ပေါ်ထွက်လာပါတယ်။

နိဂုံး။

မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံတွေမှာ တွေ့ရတဲ့ အခြေခံဝိသသေ (၈) ချက်နဲ့ အပြည့်အဝ ကြုံတွေ့နေရပါတယ်။ သဘောတရားရေး ညွှန်းကိန်းတွေအရ၊ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံတစ်ခု ဖြစ်သွားပြီလို့ ပြောနိုင်ပေမယ့် လက်တွေ့မှာတော့ ပြည်တွင်းက အင်အားစုအသီးသီးနဲ့ ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေနဲ့ ကျရှုံးနိုင်ငံဖြစ်မသွားအောင် တောင့်ခံနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတွေအပြင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံကြီးတွေကတော့ မြန်မာနိုင်ငံဟာ ပြိုကွဲနိုင်ငံ၊ ချိနဲ့ နိုင်ငံ၊ ကျရှုံးနိုင်ငံအဖြစ် တဖြည်းဖြည်း သက်ဆင်းနေကြောင်း အသိအမှတ်ပြု လက်ခံနေတာကို အထင်အရှားတွေ့မြင်နေရပါတယ်။

မင်းသေ့

၂၄ ၊ ဇွန် ၂၀၂၄