လျှပ်စစ်စွမ်းအင်သုံး Plug-in နည်းပညာ ပါလာတဲ့ စူပါကား အသစ်ကို Bugatti မိတ်ဆက်

ဇွန်၊ ၂၁

လျှပ်စစ် စွမ်းအင်ကိုပါ ပေါင်းစပ် အသုံးပြုနိုင်မယ့် စူပါကား အသစ်ကို ပြင်သစ် ကားကုမ္ပဏီ Bugattiက မိတ်ဆက် ပြသလိုက်ပါတယ်။ 

မော်ဒယ်သစ် Tourbillonဟာ လက်ရှိ Bugattiက ထုတ်လုပ် ရောင်းချနေတဲ့ စူပါကားမော်ဒယ် Chironရဲ့ နေရာကို အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။ Bugattiဟာ စျေးကြီးသလောက် အင်ဂျင်ပါဝါနဲ့ မြန်နှုန်း ကြောက်ခမန်းလိလိ ကောင်းမွန်တဲ့ စူပါကားတွေကို ဖန်တီးထုတ်လုပ်နေတဲ့ နာမည်ကြီး ကုမ္ပဏီ ဖြစ်ပါတယ်။

လက်ရှိ စူပါကား စျေးကွက်ထဲမှာ ထိပ်တန်းထုတ်ကုန် တခုအဖြစ် ရပ်တည်နေတဲ့ Chironတွေဟာ တစီးကို ဒေါ်လာ ၃.၃ သန်းလောက် တန်ဖိုးရှိပြီး မြင်းကောင်ရေ ၁၅၀၀ အား အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

Bugattiရဲ့ လူကြိုက်များခဲ့တဲ့ အရင်မော်ဒယ် နှစ်ခုဖြစ်တဲ့ Chironနဲ့ Veryonတို့နည်းတူ Tourbillonမှာလည်း ဆလင်ဒါ ၁၆ လုံးတပ် ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်အားက Chrionထက် သိသိသာသာ မြင့်တက်သွားပြီး မြင်းကောင်ရေ ၁၈၀၀ အားလောက် ရှိလာမှာ ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်တွေကို ဗြိတိန် နာမည်ကျော် ပြိုင်ကား အင်ဂျင်နီယာ ကုမ္ပဏီ Cosworthနဲ့ ပူးပေါင်းပြီး အဆင့်မြှင့် မွမ်းမံထားတယ်လို့ Bugattiက ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်စွမ်းအင်ပါ ဖြည့်တင်းနိုင်မယ့် Plug-in Hybrid အမျိုးအစား ဖြစ်တာကြောင့် အားကောင်းတဲ့ လျှပ်စစ်မော်တာ ၃ ခုရဲ့ အထောက်အပံ့ပါ ရရှိမှာ ဖြစ်ပါတယ်။ Bugattiဟာ ဆီစားကြမ်းတဲ့ Turbocharged နည်းပညာကို အင်ဂျင်အသစ်မှာ ဖြုတ်ထားလိုက်ပြီး အဲဒီ လျှပ်စစ်မော်တာတွေနဲ့ အစားထိုး ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Bugattiဟာ လျှပ်စစ်စွမ်းအင်သုံး ကားတွေ ဖန်တီးမှုမှာ နာမည်ကောင်း ရထားတဲ့ ခရိုအေးရှား ကုမ္ပဏီ Rimacနဲ့ ပူးပေါင်းခဲ့တဲ့ အကျိုးကျေးဇူးတွေကို Tourbillonမှာ အပြည့်အဝ အသုံးချထားပါတယ်။

စူပါကား အသစ်ရဲ့ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်တွေကို အတိအကျ မသိရသေးပါဘူး။ Tourbillonတွေကို စုစုပေါင်း အစီး ၂၅၀ သာ ကန့်သတ် ထုတ်လုပ်မှာဖြစ်ပြီး တစီးကို ဒေါ်လာ ၄ သန်းဝန်းကျင် ကျသင့်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Ref: CNN