ဇွန်၊ ၂၀
ဂြိုဟ်တု အခြေပြု Starlink အင်တာနက်စနစ် ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ ကိရိယာ setပေါင်း ၆၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်း ဝန်ကြီးဌာန (DES)နဲ့ ဆက်စပ် အေဂျင်စီတွေဟာ အွန်လိုင်း ရာဇဝတ်မှုတွေကို ဖြိုခွင်းတဲ့ အစီအမံ တခုနဲ့ ဆက်နွှယ်ပြီး အခုလို သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
DESရဲ့ ဝန်ကြီး ပရာဆတ် ဂျန်တာရာရန်သောင်က တရားမဝင် အွန်လိုင်း ချိတ်ဆက်မှုတွေထဲမှာ နယ်စပ်ဖြတ်ကျော်ပြီး ကေဘယ်လ်ကြိုး သွယ်တန်းတာ၊ လိုင်စင်မဲ့ ကွန်ရက် ချိတ်ဆက်မှု တာဝါတိုင်တွေ စိုက်ထူတာမျိုးတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီ လုပ်ရပ်တွေနဲ့ ရာဇဝတ်သားတွေဟာ သူတို့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ထောက်လှမ်းမှုကနေ တိမ်းရှောင်လေ့ ရှိတယ်လို့ ပရာဆတ်က ရှင်းပြခဲ့ပါတယ်။
ဒါကြောင့်လည်း DESဟာ သက်ဆိုင်ရာ လုံခြုံရေး အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ တရားမဝင် အင်တာနက် ချိတ်ဆက်မှု ကွန်ရက်တွေကို ဖော်ထုတ်နှိမ်နင်းဖို့ ပိုမို အားထုတ်ခဲ့ကြောင်း ဝန်ကြီးက ပြောပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာတော့ DESဟာ ဖမ်းဆီးရမိထားတဲ့ Starlink အင်တာနက် ချိတ်ဆက်မှု ကိရိယာ setပေါင်း ၅၈ ခုကို သတင်းစာ ရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။
အဲဒီ ပစ္စည်းတွေကို ချန်သာဘူရီပြည်နယ်၊ ပွန်နမ်ရွန် ခရိုင်က ပါဆယ်ပေးပို့တဲ့ လုပ်ငန်းတခုမှာ ကြားဖြတ် သိမ်းဆည်း ရမိခဲ့တာလို့ သိရပါတယ်။ ပေးပို့မယ့် လိပ်စာတွေကတော့ တက်ခ်ပြည်နယ်ထဲက မဲဆောက်နဲ့ မယ်ရာမတ် ခရိုင်တွေဆီကို ဖြစ်ပါတယ်။
အဲဒီ ပစ္စည်းတွေဟာ နယ်စပ်အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်နေသူတွေ အသုံးပြုဖို့ လွှဲပြောင်းပေးပို့တာ ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆနေပါတယ်။ အဲဒီပစ္စည်းတွေ အားလုံးဟာ ထိုင်းရဲ့ အကောက်ခွန် စည်းမျဉ်းတွေနဲ့ မညီတဲ့ မှောင်ခိုတင်သွင်းမှုတွေနဲ့ တရားမဝင် စက်ပစ္စည်းတွေအဖြစ် သတ်မှတ်နိုင်ပြီး ဒုစရိုက် လုပ်ငန်းတွေအတွက် ရည်ရွယ်ထားတယ်လို့ ယုံကြည်ကြောင်းလည်း ပရာဆတ်က ဆိုပါတယ်။
ဇွန်လ ၁၀ ရက်နေ့တုန်းကလည်း ထိုင်းအာဏာပိုင်တွေဟာ ပွန်နမ်ရွန်မှာရှိတဲ့ ပါဆယ်ပေးပို့တဲ့ ဝန်ဆောင်မှု လုပ်ငန်းတခုမှာ Starlink ကွန်ရက် ချိတ်ဆက်မှု setတွေပါတဲ့ သေတ္တာခြောက်လုံးကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။
လက်ရှိကာလ နယ်စပ်အခြေစိုက် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေရဲ့ လည်ပတ်မှု တန်ဖိုးဟာ တနေ့ကို ဘတ် သန်းပေါင်း ၁၁၀ လောက်ထိ ရှိနေနိုင်ပြီး အမြင့်ဆုံး စံချိန်တင်တဲ့ ကာလတွေတုန်းက တရက်ကို ဘတ် ၁၄၉ သန်းလောက်ထိ များပြားခဲ့ဖူးကြောင်း သိရပါတယ်။
Ref: Bangkok Post