AAသိမ်းထားတဲ့ မြေပုံမြို့နယ်မှာ ဗုံးကြဲခံရလို့ ကလေးတဦးအပါအ၀င် နှစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ 

Photo – Arakan Princess Media

ဇွန်၊ ၁၉

အာရက္ခတပ်တော်(AA)က သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ် တုတ်ချောင်းရွာထဲကို ဒီနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကလေးတဦးအပါအ၀င် နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံအကျယ်ကြီး အုန်းခနဲ့ အုန်းခနဲ ကြားရတယ်၊ ရွာ၀င်တံတားနားကို ကြဲချတာတဲ့၊ အဲနားက ကလေးတွေ၊ အမျိုးသမီးတွေ သေတယ်”လို့ တုတ်ချောင်းအနီးရှိ ညောင်ကန်ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇွန် လ ၁၉ ရက် နေ့လယ် ၁၂ နာရီ၀န်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစုံတရာ မရှိတော့တဲ့ မြေပုံမြို့နယ်အတွင်းရှိ တုတ် ချောင်းလူနေရွာထဲ ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့အဲဒီလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူတွေထဲမှာအသက်၁၁ နှစ်အရွယ် ကလေးငယ်တဦး ပါ၀င်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း အ မျိုးသမီးငါးဦး ပါ၀င်တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

“တံတားနားမှာ ရှိနေသူတွေ ထိသွားတာ၊ ဒဏ်ရာလည်း ပြင်းကြတယ်၊ ဘာတိုက်ပွဲ၊ ဘာ AA မှလည်း မရှိဘဲ အရပ်သားတွေကို တမင်ပစ်သတ်တာ”လို့ နောက်ထပ်ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

လေကြောင်းဗုံးကြဲခံရတဲ့ တုတ်ချောင်းရွာဟာ ရန်ကုန် – စစ်တွေ ကားလမ်းမပေါ် ယိုးချောင်းအနီးမှာ တည်ရှိပြီး မြေပုံမြို့နဲ့ မိုင်နှစ်ဆယ်၀န်းကျင်၊ အမ်းမြို့နဲ့ မိုင်သုံးဆယ်၀န်းကျင် ကွာဝေးပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း အခု ဗုံးကြဲခံရတဲ့ တုတ်ချောင်းရွာအနီးရှိ အင်ကြင်းရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့အမျိုးသမီးတဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဇွန် ၁၆ ရက်နေ့ကလည်း AA သိမ်းထားတဲ့ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာ စာသင် ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ၊ လက်နက်ကြီးတို့နဲ့ ဗုံးကြဲ၊ ပစ်ခတ်လို့ ကျောင်းထိုင် ဆရာတော်အပါအ၀င် လေးဦး ဒဏ်ရာရခဲ့ပါတယ်။

AA ရဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက မြိုနယ်ထက်၀က်ကျော်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်ထားရတဲ့ မြို့ နယ်တွေအတွင်း အရပ်ဘက်နေရာတွေဖြစ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံစတာတွေကို လေ ကြောင်းကနေ ပစ်ခတ်မှုတွေ မကြာခဏလုပ်နေတာပါ။

ရခိုင်‌ဒေသတ်ိုက်ပွဲတွေ စခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့်  သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ AA ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။