နယ်ကျော်ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား စစ်သားတွေကို တောင်ကိုရီးယား ခြောက်လှန့်ပစ်ခတ် သတိပေး

ဇွန်၊ ၁၉

မြောက်ကိုရီးယား စစ်သားတွေ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတာကြောင့် တောင်ကိုရီးယား စစ်တပ်က ခြောက်လှန့် ပစ်ခတ်ခဲ့ရပါတယ်။ 

ဇွန်လ ၁၈ ရက်နေ့ ဖြစ်စဉ်မှာ မြောက်ကိုရီးယား စစ်သားတွေဟာ နှစ်နိုင်ငံ နယ်ခြား သတ်မှတ်ထားရာ စစ်မဲ့ဇုန် (DMZ)ရဲ့ တောင်ကိုရီးယား ပိုင်နက်ဖက်ခြမ်းကို နယ်ကျော် ဝင်ရောက်ခဲ့ကြတာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားဖက်က သေနတ်တွေ ပစ်ဖောက်ပြီး ခြောက်လှန့်ချိန်မှာ အဲဒီ စစ်သားတွေဟာ လမ်းကြောင်းပြောင်းပြီး မြောက်ကိုရီးယား ပိုင်နက်ဖက် ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား နယ်ခြားစောင့် စစ်တပ်က အဲဒီ မြောက်ကိုရီးယား စစ်ကြောင်းဟာ ရန်စကျူးကျော်လိုတဲ့ သဘောမျိုးနဲ့ ရည်ရွယ်ချက်ရှိရှိ နယ်ကျော်တာ မဟုတ်ဘဲ လမ်းမှားလာတာ ဖြစ်နိုင်တယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။

စစ်မဲ့ဇုန်မှာ နှစ်ဖက်စလုံးက တပ်တွေ ထူထူထပ်ထပ် ချထားပေမယ့် တိကျတဲ့ နယ်နိမိတ် သတ်မှတ်မှု စည်းရိုးတွေ စိုက်ထူမထားဘဲ သဘာဝ ပေါက်ပင်တွေ ထူထပ်တဲ့ သစ်တော ဧရိယာတွေနဲ့သာ ပိုင်းခြားထားပါတယ်။

တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေးဌာန (JCS)ရဲ့ အဆိုအရ မြောက်ကိုရီးယားစစ်သား ၂၀ နဲ့ ၃၀ ကြားလောက် နယ်ကျော် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ နှစ်ပတ်အတွင်း မြောက်ကိုရီးယား စစ်သားတွေ တောင်ကိုရီးယားဖက် နယ်ကျော် ရောက်ရှိတဲ့ ဒုတိယမြောက် အကြိမ်ဖြစ်ပါတယ်။ ဇွန်လ ၉ ရက် ဖြစ်စဉ်မှာလည်း အလားတူ တောင်ကိုရီးယားက ခြောက်လှန့် ပစ်ခတ်ခဲ့တဲ့အခါ မြောက်ကိုရီးယား တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာသွားခဲ့ပါတယ်။

JCSရဲ့ အဆိုအရ မြောက်ကိုရီးယားဟာ DMZမှာရှိတဲ့ သစ်တော ဧရိယာတွေဆီ တပ်ဖွဲ့ဝင်တွေ ပိုမိုတိုးမြှင့် စေလွှတ်ပြီး တောရှင်းတာ၊ ခံတပ်အသစ်တွေ တည်ဆောက်တာတွေအတွက် ခိုင်းစေနေတယ်လို့ သိရပါတယ်။

Ref: BBC