ဒလန်ယဉ်ကျေးမှုနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ရုန်းကန်နေရဆဲ မြန်မာ့ လူ့အဖွဲ့အစည်း

ဇွန်၊ ၁၇

ဒလန်တွေ၊ သတင်းပေးတွေ ထူထပ်ခဲ့တဲ့ နိုင်ငံတခုမှာ မယုံသင်္ကာမှုတွေကတော့ ကြီးထွားနေနိုင်ပါတယ်။ ပြီးတော့ အပြန်အလှန် ယုံကြည်မှုကို ပြန်လည် ရယူဖို့ အင်မတန် ခက်ခဲလိမ့်မယ် ဆိုတာကိုလည်း သမိုင်းကြောင်းက သင်ကြားပေးခဲ့ပြီးပါပြီ။

မြန်မာနိုင်ငံမှာ ဒလန်လို့ စွပ်စွဲခံရတဲ့၊ ဒါမှမဟုတ် ယုံကြည်ရလောက်တဲ့ လူဦးရေ အချိုးအစား ဘယ်လောက် များပြားသလဲ ဆိုတာကို တိတိကျကျ မှန်းဆဖို့တော့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဦးနေဝင်း ကြီးစိုးခဲ့တဲ့ ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်ထိ ကာလအတွင်း လူ ၁၀ ယောက်ရှိတိုင်း ၁ ယောက်ဟာ ဒလန်၊ ဒါမှမဟုတ် သတင်းပေး ဖြစ်လိမ့်ဆိုတဲ့ ထင်ကြေးနဲ့ အယူအဆက အတော်လေး ကျယ်ပြန့်ခဲ့ဖူးတယ်။ ဥပမာ တခုအနေနဲ့ ပြောရရင် ၁၇၇၄ ခုနှစ်တုန်းက ရန်ကုန်မှာ ဦးသန့် အရေးအခင်း ဂယက်ထခဲ့တဲ့အခါ ကျောင်းသားထုရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒလန်တွေ ဖြစ်လောက်တယ်လို့ အနောက်နိုင်ငံတွေရဲ့ သံတမန် အင်အားစုတွေက ခန့်မှန်းခဲ့ပါတယ်။ ဒီနေရာမှာ တချို့ ကျောင်းသားတွေက မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ စိတ်လိုလက်ရ ပူးပေါင်းခဲ့တာဖြစ်ပြီး အများစုက အတင်းအကျပ် ဖိအားပေး ခိုင်းစေမှုတွေ ကြုံခဲ့ရတာပါ။

၁၉၈၈ ခုနှစ်မှာ နိုင်ငံရဲ့ အထင်ကရ ဒီမိုကရေစီ အုံကြွမှု အရေးအခင်းကြီး ပေါ်ပေါက်ခဲ့တဲ့နောက် တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (DDSI)ကို တနိုင်ငံလုံး အတိုင်းအတာထိ ချဲ့ထွင်လာခဲ့ပါတယ်။ အဲဒီ လုပ်ငန်းစဉ်အတွက် ဒလန်အသစ်တွေကို ပိုမို စုစည်း ခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ခေတ်ဆီ ကူးပြောင်း ဝင်ရောက်မလာခင်တုန်းက အဲဒီ ဒလန်တွေရဲ့ အခန်းကဏ္ဍဟာ မြန်မာလူထုကြားက သတင်းတွေကို ထောက်လှမ်း စုဆောင်းရာမှာ စစ်အာဏာရှင်အတွက် အရမ်း အရေးပါခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်တုန်းက လေ့လာသူတွေက မြန်မာနိုင်ငံ လူဦးရေ ၇ ယောက်ရှိတိုင်း ၁ ယောက်ဟာ ဒလန်ဖြစ်နိုင်တယ်လို့ သုံးသပ် ရေးသားခဲ့ကြဖူးပါတယ်။

အဲဒီ အဆိုဟာ မှန်မလိုလိုနဲ့ နည်းနည်း လွဲချော်နေတာတွေလည်း ရှိပါတယ်။ လူထုကြားက ဒလန် သိပ်သည်းဆဟာ နေရာတွေအပေါ် လိုက်ပြီး ကွဲပြားသွားပါတယ်။ ဥပမာ ဗမာတွေ အများစု နေထိုင်ရာ ကျေးလက် ဒေသတွေမှာ ဒလန်ဦးရေက နည်းပါတယ်။ ၂၀၀၁ ခုနှစ်လောက်မှာတော့ လေ့လာသူတွေက မြန်မာနိုင်ငံရဲ့ မြို့ပြဧရိယာတွေမှာ အိမ်ခြေ ၁၀ ခုရှိတိုင်း ဒလန် ၁ ယောက်တော့ လှုပ်ရှားနေတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီ တွက်ဆမှုသာ မှန်မယ်ဆိုရင် စစ်အေးခေတ်တုန်းက ကွန်မြူနစ် ထောက်လှမ်းရေးရဲ့ ချောက်ချားစရာ အတွေ့အကြုံဆိုးတွေကို ဖြတ်သန်းခဲ့ရဖူးတဲ့ အရှေ့ဂျာမနီထက်တောင် မြန်မာနိုင်ငံမှာ ဒလန် ပိုပေါတဲ့ အဓိပ္ပါယ်ပါပဲ။ စစ်တပ် အုပ်စိုးမှု ကာလတလျှောက် ခေါင်းဆောင်တွေ ပြောင်းသွားပေမယ့် DDSIဟာ ဒီနည်းလမ်းကို လက်မလွှတ်စတမ်း ဆက်လက် အသုံးပြုခဲ့ပါတယ်။

ဒီနေရာမှာ ဒလန်တွေ ဘယ်လောက် များနေသလဲ ဆိုတာက အရေးအကြီးဆုံး အချက် မဟုတ်ပါဘူး။ ပြီးတော့ အရေအတွက်ကလည်း မှန်းဆကြည့်ရုံလောက်သာ တတ်နိုင်မယ့် ကိစ္စပါ။ အရှေ့ဂျာမနီမှာရော၊ မြန်မာနိုင်ငံမှာပါ ထောက်လှမ်းရေး အသိုက်အဝန်းက အဲဒီအချက်ကို စိတ်ဓာတ်ရေးရာ ထိုးနှက်ချက် တခုအဖြစ် အသုံးချခဲ့ပါတယ်။ ဒလန်ဆိုတာ ချိုမပါတာကြောင့် ဘယ်သူက လူကောင်း၊ ဘယ်သူက သတင်းပေး ဖြစ်မလဲ ဆိုတာကို ခွဲခြား မသိနိုင်ပါဘူး။ ပြီးတော့ နေရာအနှံ့မှာ သူတို့က ရှိနေနိုင်ပါတယ်။ အကျိုးဆက်ကတော့ လူတွေ အချင်းချင်း မယုံမကြည် ဖြစ်ကုန်ပြီး ထိလွယ်ရှလွယ် ဖြစ်နိုင်တဲ့ နိုင်ငံရေး ကိစ္စတွေဆိုရင် ပွင့်ပွင့်လင်းလင်း မဆွေးနွေးရဲကြတော့ပါဘူး။

မြန်မာ သတင်းထောက် တယောက်က “ကိုယ်နဲ့ တွေ့ဆုံတဲ့သူဟာ သတင်းပေး ဟုတ်မဟုတ် ဆိုတာက အရေးမကြီးတော့ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒလန်တွေ နေရာအနှံ့ ရှိနေတယ်ဆိုတဲ့ အသိနဲ့တင် လုံလောက်နေပါပြီ”လို့ ပြောခဲ့ဖူးပါတယ်။ ဒီအချက်က နေရာအနှံ့ CCTV လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတဲ့ နည်းပညာ အထောက်အပံ့မျိုး မရသေးခင် ကတည်းက ကြမ်းကြုတ် ဖိနှိပ်တဲ့ အုပ်စိုးသူတွေအတွက် အကြောက်တရား သွတ်သွင်းတဲ့ ထောက်လှမ်းရေး နည်းလမ်းတွေ အလုပ်ဖြစ်နေခဲ့ပြီးသား ဆိုတာကို မြင်သာစေပါတယ်။

အဲဒီ အခြေအနေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ တာဝန်ယူတဲ့ ၂၀၁၆ နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာသာ နည်းနည်း သက်သာရာ ရခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ထောက်လှမ်းရေး လှုပ်ရှားမှုတွေကို အင်နဲ့အားနဲ့ အရှိန်ပြန်မြှင့်လာပါတော့တယ်။ မြန်မာ ဆိုတာကလည်း ငွေကြေးကြောင့်ဖြစ်စေ၊ ပိုက်ဆံ မရလည်းဘဲ ဝါသနာအရကို ရွေးချယ်လို့ဖြစ်စေ ဒလန်အင်မတန်ပေါတဲ့ နိုင်ငံပါ။ အာဏာသိမ်း စစ်တပ်ဟာ ဆန့်ကျင်ရေး အင်အားစု ဖြစ်လာနိုင်သူ ဘယ်သူ့ကိုမဆို ‘ဆန်းစစ် ဖော်ထုတ်ဖို့၊ တည်နေရာ ရှာဖွေဖို့၊ ဖယ်ရှားဖို့’ဆိုတဲ့ ဦးစားပေး ရည်မှန်းချက်ကို လက်ကိုင် ပြုထားပါတယ်။ အဲဒီ အဓိပ္ပါယ် သတ်မှတ်ချက်ကို အနက်ဖွင့်မယ်ဆိုရင် အတိုင်းအတာတွေ အများကြီး ကျယ်ပြန့်ပါလိမ့်မယ်။ အခုဆိုရင် စစ်တပ်ဟာ လူထုကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့အတွက် နည်းပညာ အရင်းအမြစ် ပိုင်ဆိုင်မှုတွေ အများကြီး တိုးတက်လာနေပါပြီ။ ဒါပေမဲ့လည်း လူ့အရင်းအမြစ် (ဒလန်တွေ)အပေါ် ကြီးကြီးမားမား ဆက်ပြီး မှီခိုနေရဆဲ ဖြစ်ပါတယ်။

အကျိုးဆက်ကတော့ တော်လှန်ရေး အင်အားစုတွေအတွက် လျှို့လျှို့ဝှက်ဝှက် အလုပ်လုပ်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဒလန်တွေကြားမှာ လူမြင်ကွင်း နောက်ကွယ်က အားပြိုင်မှုတွေ ပြင်းထန်လာတာပါပဲ။ ဒါဟာ စစ်ပွဲထဲက နောက်ထပ် ကြမ်းတမ်းတဲ့ စစ်ပွဲတခု ဖြစ်နေပါတယ်။ တော်လှန်ရေး အင်အားစုတွေကလည်း ဒလန်တွေဟာ တပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်ကိုရော၊ လက်ရှိ ချီတက်နေတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေကိုပါ အကြီးအကျယ် ခြိမ်းခြောက်လာနိုင်စွမ်း ရှိနေမှန်း သဘောပေါက်ကြပါတယ်။ ဒီတော့ အရင်ကတည်းက တော်လှန်ရေး ဖြစ်ပွားရာ နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ဒလန်တွေကို လက်စားချေပြီး ပစ်မှတ်ထား သုတ်သင် ရှင်းလင်းတဲ့ လှုပ်ရှားမှုတွေ စတင်လာပါတော့တယ်။

တော်လှန်ရေး အင်အားစုတွေဟာ ဂန္ထဝင် အိုင်ယာလန် ပြောက်ကျားခေါင်းဆောင် မိုက်ကယ် ကောလင်းစ်က ၁၉၂၀ မှာ ပြောခဲ့ဖူးတဲ့ “စစ်ပွဲမှာ ဒလန်နဲ့ သတင်းပေးတွေကို ဖော်ထုတ် ရှင်းလင်းတာဟာ ရာဇဝတ်မှု မဟုတ်ဘူး”ဆိုတဲ့ စကားကို ပီပီပြင်ပြင် လက်ကိုင်ထားနေပုံ ပေါ်ပါတယ်။ မြို့ပြ ပြောက်ကျား လှုပ်ရှားမှုလို့ တော်လှန်ရေး အင်အားစုတွေ ဝိသေသ ပြုထားတဲ့ ဒလန်ရှင်းလင်းရေး လှုပ်ရှားမှုမှာ ငယ်ငယ်ကြီးကြီး အမျိုးသား အမျိုးသမီးမရွေး၊ စစ်မှုထမ်းတွေ၊ ပင်စင်စားတွေနဲ့ အရပ်သားတွေပါမကျန် ပစ်မှတ်ထား ခံခဲ့ရပါတယ်။

အာဏာသိမ်းမှု မတိုင်ခင် ကတည်းက မြန်မာနိုင်ငံမှာ လူ့အဖွဲ့အစည်းကြား အပြန်အလှန် ယုံကြည်မှုဟာ အရမ်း နိမ့်ပါးတဲ့ ရေချိန်မျိုးကို ရောက်နေခဲ့ပြီးသားပါ။ ဥပမာ အနေနဲ့ အာရှ ဖောင်ဒေးရှင်းက ၂၀၁၄ ခုနှစ်မှာ ပြည်လုံးကျွတ် ဖြန့်ကျက်ပြီး ကောက်ယူတဲ့ လူထုအမြင် စစ်တမ်းမှာ ‘လူအများစုက ယုံကြည်ထိုက်သလား’လို့ မေးခွန်းတခု ထည့်မေးခဲ့ပါတယ်။ ၇၇ ရာခိုင်နှုန်းရဲ့ အဖြေကတော့ ‘No’ ဖြစ်ပါတယ်။ အလားတူ မေးခွန်းကိုပဲ အိမ်နီးချင်း နိုင်ငံတွေက လူ့အဖွဲ့အစည်းတွေမှာ မေးကြည့်တဲ့အခါ ပျမ်းမျှ ၄၃ ရာခိုင်နှုန်းကပဲ မယုံကြည်ထိုက်ဘူးလို့ ဖြေကြပါတယ်။ အစိုးရ ဌာနတွေအပေါ် ယုံကြည်မှုနဲ့ ပတ်သက်လို့ သဘောထား ဖြေကြားချက်တွေက အမျိုးမျိုး ကွဲပြားပေမယ့် အများစုအပေါ် အမြင်ကတော့ သိသိသာသာပဲ အနုတ်လက္ခဏာ ဆောင်ပါတယ်။

၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ခါးသီးကြမ်းတမ်းတဲ့ ပြည်တွင်းစစ်က ကပ်ပါလာပါတယ်။ အခြေအနေတွေကလည်း ဆိုးသထက် ဆိုးလာပါတယ်။ အရင်တုန်းက မတည့်ခဲ့ကြတဲ့၊ အမြင်ကွဲပြားခဲ့ကြတဲ့ အစုအဖွဲ့ အများအပြားဟာ စစ်တပ်အပေါ် တူညီတဲ့ မုန်းတီးမှု၊ ကြောက်ရွံမှုတွေအောက်မှာ စုစည်းမိလာကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး မဟာမိတ်ပြုမှု၊ စစ်ရေး နည်းဗျူဟာနဲ့ လူမှုရေး အပါအဝင် နောက်ထပ် နက်နက်ရှိုင်းရှိုင်း အမြင်ခြားနားမှုတွေက ပေါ်ပေါက်လာပါတယ်။

ပြောရမယ် ဆိုရင်တော့ ရာစုနှစ် တဝက်ကျော်လောက် အမြစ်တွယ်ခဲ့ပြီးဖြစ်တဲ့ အပြန်အလှန် ယုံကြည်မှု ပြဿနာကြီးဟာ အနာဂတ် မြန်မာနိုင်ငံတော်သစ်ဆီ ဦးတည်တဲ့ အချိန်မှာ မဖြစ်မနေ ထည့်စဉ်းစားရမယ့် ကဏ္ဍမျိုး ဖြစ်လာပါတယ်။ ပြည်သူ အများစုက ယုံယုံကြည်ကြည် တာဝန်အပ်နှင်းနိုင်တဲ့ ခေါင်းဆောင်မျိုးတွေ မြန်မာနိုင်ငံမှာ လိုအပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကွက်လပ်ကို ဖြည့်ပေးခဲ့သူပါ။ ဒါပေမဲ့ သူဟာ အခုလောလောဆယ်တော့ အကျဉ်းထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရဦးမလဲ မသိတဲ့ အခြေအနေကို ဖြတ်သန်းနေရပါတယ်။

မြန်မာ့ ပြည်တွင်းစစ်က ဆက်ပြီး အရှိန်မြင့်နေဆဲပါ။ တချိန်တည်းမှာပဲ လူထုကြားက အပြန်အလှန် ကိုးစားမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေက တစထက်တစ လျော့ပါးလာသလို ယုံကြည်မှု ပြဿနာကလည်း ဝဲကတော့ တခုထဲ ဆက်ပြီး ချာချာလည် နစ်မြုပ်သွားဆဲ ဖြစ်ပါတယ်။

(The Interpreter Myanmar’s war within a war: Informers and the trust deficit ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)