တောင်ကုတ်မြို့သိမ်းတိုက်ပွဲ AA စတင်

Photo – နိရဥ္စရာ

ဇွန်၊ ၁၆

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ကိုအာရက္ခတပ်တော်(AA)က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့ကို ပြီးခဲ့တဲ့လပိုင်းကစလို့AAကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အဲဒီနောက် သံတွဲမြို့နဲ့မိုင်လေးဆယ်ကျော်အကွာမှာတည်ရှိတဲ့တောင်ကုတ်မြို့ကို မနေ့ကဇွန်လ၁၅ရက်ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဟိုဖက်(စကစ)ကလေယာဥ်နဲ့ညလုံးပေါက်ဗုံးလာကြဲတယ်ပြောတယ်၊တပ်တော်ကတော့စစ်တပ်အထိုင်စခန်းတွေကိုစချနေပြီ”လို့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။

စစ်ကောင်စီဖက်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မူတွေကြောင့်အရပ်သားထိခိုက်မူတွေရှိတယ်လို့သိရပေမယ့် အသေးစိတ်အခြေအနေကိုDNAက ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင်စစ်ကောင်စီက မြို့ကိုပိတ်ဆို့ထားလို့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။

တောင်ကုတ် – ပြည်ကားလမ်းပိုင်းကိုလည်းစစ်ကောင်စီဖက်ကိုစစ်ကူမပို့နိုင်ဖို့ AAက ပိတ်ဆို့ထားပါတယ်။

တောင်ကုတ်မြို့နယ်မှာ၂၀၂၃ ဒီဇင်ဘာလက  စစ်ကောင်စီယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်လို့ထိတွေ့မူအချို့ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီနောက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ စစ်ရေးတင်းမာလာခဲ့တာပါ။ တောင်ကုတ်မြို့ကို AAတိုက်ခိုက်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီဖက်ကစစ်ရေးပြင်ဆင်မူတွေပြုလုပ်ခဲ့ပြီးရက်ပိုင်းအတွင်းမှာပဲAAကထိုးစစ်စတင်ခဲ့တာဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ်မှာစစ်ကောင်စီရဲ့ အမှတ်၅စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စကခ (၅)နဲ့ ခြေမြန်တပ်ရင်းနှစ်ခုရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

တကျော့ပြန်တိုက်ပွဲ၇လတာကာလအတွင်း AAကချင်းတောင်ပိုင်းပလက်ဝနဲ့ရခိုင်ပြည်နယ်ကမြို့နယ်၉ခုကိုသိမ်းပိုက်ထားပါတယ်။လတ်တလောမှာလည်း မောင်တော၊သံတွဲနဲ့တောင်ကုတ်မြို့တွေကိုထိုးစစ်ဆင်နေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့အမ်းမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတာပါ။