Photo – Reuters/AP
ဇွန်၊ ၁၅
စစ်တပ် အာဏာသိမ်းလိုက်တာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အဲဒီ ကာလတွေအတွင်း မြန်မာရဲ့ အခြေအနေဟာ နိုင်ငံရေး အရာရော၊ စစ်ရေးအရပါ မှန်းဆရခက်တဲ့ မရေရာမှုတွေဆီ ဦးတည်လာခဲ့ပါတယ်။ အောက်တိုဘာလကစလို့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ စစ်တပ်အပေါ် သိသာတဲ့ စစ်ရေး အသာစီး အောင်မြင်မှုတွေ ရလာတယ် ဆိုဦးတော့၊ ခေါင်းမာပြီး ကြမ်းကြုတ်တဲ့ စစ်တပ်ရဲ့ အခိုင်အမာ အခြေပြုရာ မြို့ပြဧရိယာတွေကနေ တိုက်ထုတ်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး ဆိုရင်တောင် ခက်ခဲလွန်းတဲ့ စိန်ခေါ်မှု တခုအဖြစ် ရှိနေဆဲပါပဲ။
မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ သက်ရောက်မှုတွေ ကြီးကြီးမားမား ရှိလာနိုင်တဲ့ ပြည်ပ ကြားဝင်စွက်ဖက်မှု အားလုံးမှာ တရုတ်ဟာ အဓိက အကျဆုံး အင်အားစုအဖြစ် ရှိနေပါတယ်။ မြောက်မြားစွာသော လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက စစ်အစိုးရအပေါ် ဩဇာလွှမ်းမိုးနိုင်တဲ့ အချက်ကို အသုံးပြုပြီး တရုတ် အနေနဲ့ စစ်တပ်ကို လက်လျှော့အောင် စည်းရုံးဖို့၊ ဒါမှမဟုတ်လည်း တော်လှန်ရေး အင်အားစုတွေကို ထောက်ခံ ရပ်တည်ပေးဖို့၊ အနည်းဆုံးတော့ မြန်မာပြည်သူတွေကို ငဲ့ညှာဖို့ တောင်းဆိုခဲ့ကြပါတယ်။
တွေ့နေမြင်နေရသလောက်တော့ ဘေဂျင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီအသံတွေကို နားစွင့်နေဟန် မရှိသလို လက်တွေ့လည်း လိုက်လျောမယ့်ပုံ မပေါ်ပါဘူး။ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန် ကတည်းက တရုတ်ရဲ့ သဘောထားဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလို့ တရားဝင် ခေါ်ဝေါ်တဲ့ အာဏာသိမ်း စစ်တပ်အပေါ် သိသိသာသာရော၊ မသိမသာပါ အလေးပေးခဲ့ပြီး ဖြစ်ပါတယ်။
အခုထိတော့ တရုတ်ဟာ စစ်တပ်ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ် မပြုသေးပါဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ ထိပ်ပိုင်း အကြီးအကဲတွေကို တရားဝင် ဖိတ်ကြားတာတွေတော့ လုပ်ပြခဲ့ပြီးပါပြီ။ ဥပမာ စစ်တပ်က ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးကို တရုတ်မှာ အစည်းအဝေးတက်ဖို့ ကမ်းလှမ်းတာမျိုးတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို လိုလားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆက်လက် ခန့်အပ်ထားတဲ့အပေါ် တရုတ်က မကန့်ကွက်ခဲ့ပေမယ့် သူ့နိုင်ငံမှာတော့ စစ်တပ်က ခန့်အပ်တဲ့ သံအမတ်ကြီးကို လက်ခံထားတာ တွေ့နိုင်ပါတယ်။
နောက်တခါ စစ်တပ်ဟာ NUGဦးဆောင်တဲ့ တော်လှန်ရေး အစုအဖွဲ့တွေကို ထောက်ခံအားပေးတာမျိုးကနေ လက်ရှောင်နေပေမယ့် တရုတ်-မြန်မာ နယ်စပ်မှာ စစ်တပ် လက်အောက်ခံ နယ်မြေတွေကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ထိန်းချုပ် သိမ်းပိုက်နိုင်အောင် မဟာဗျူဟာအရ လမ်းဖွင့်ပေးခဲ့ပြန်ပါတယ်။
ကြည့်ရတာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်ရဲ့ မူဝါဒတွေဟာ အကျိုးစီးပွား၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဦးစားပေး မူဝါဒတွေအပေါ် မူတည်ပြီး ပြောင်းလဲနေဟန် ရှိပါတယ်။
ပြည်ပနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ပါဘူးဆိုတဲ့ နိုင်ငံခြားရေး မူအရ မြန်မာနိုင်ငံမှာ စစ်တပ်ကို ဖြုတ်ချတဲ့ ကိစ္စမျိုးကို မထောက်ခံကြောင်း တရုတ်က ပြောပါတယ်။ မြန်မာ့ ပြည်တွင်း နိုင်ငံရေး ဆင့်ကဲ ပြောင်းလဲမှုတွေ ဘယ်လိုပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ဒီမိုကရေစီနည်းနဲ့အညီ တင်မြှောက်ခံထားရတဲ့ အရပ်သား အစိုးရကို စစ်တပ်က လက်နက်အားကိုးပြီး အာဏာသိမ်းခဲ့တဲ့ အခြေအနေမှာတောင် စစ်တပ် အပါအဝင် မြန်မာတွေက ကိုယ့်ဇာတ်ကိုယ် နိုင်အောင်ကကြဆိုတဲ့ သဘောထားမျိုး တရုတ်မှာ ရှိနေပုံပါပဲ။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံ အမတ်တွေ စုစည်းပါဝင်ထားတဲ့ NUGရဲ့ တရားဝင်မှုကို လက်ခံဖို့ ဆိုတာက တရုတ်အတွက် အငြင်းပွားစရာ ဖြစ်နေဟန် ရှိပါတယ်။ နောက်ပြီး တရုတ်ဟာ NUGကို မြန်မာနိုင်ငံရဲ့ ကွဲပြားတဲ့ အစိုးရ တခုအဖြစ် ရပ်တည်နိုင်စွမ်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေပါတယ်။ အဲဒါကလည်း မြန်မာ့ တော်လှန်ရေးမှာ လက်နက်ကိုင် တိုင်းရင်းသား အစုအဖွဲ့တွေရဲ့ ဦးဆောင်မှုက ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ကို လက်ကိုင်ပြုထားတဲ့ NUGရဲ့ အားထုတ်မှုတွေထက် လွှမ်းမိုးနိုင်စွမ်း ပိုကြီးမားနေတယ်ဆိုတဲ့ တရုတ်ရဲ့ အမြင်ကြောင့်ပါပဲ။
နောက်ဆုံးမှာ NUGကသာ အောင်ပွဲခံသွားမယ်ဆိုရင် တရုတ်က သေချာပေါက် လိုလိုလားလား လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီရလဒ်ကို ဖော်ဆောင်နိုင်ဖို့ဆိုတဲ့ နေရာမှာတော့ ကိုယ်တိုင် ဝင်ပါမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရတရပ် အာဏာရလာခြင်းက တရုတ်အတွက် ပြဿနာ မရှိလှပါဘူး။ ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာ မြင်သာအောင် ပြသခဲ့ပြီးသားပါ။ NUGနဲ့ ပတ်သက်ပြီး တရုတ် အမြင်မကြည်နိုင်တဲ့ နောက်ထပ် တချက်က ပြည်ပ အားပေးထောက်ခံမှုတွေနဲ့ ဆက်စပ်ပါတယ်။ တရုတ်က ဒီကိစ္စကို အနောက်နိုင်ငံတွေရဲ့ ဒေသတွင်း နိုင်ငံရေး စွက်ဖက်မှု တခုအဖြစ် ခံယူပါတယ်။
တရုတ်အတွက် ဦးစားပေးကဏ္ဍ နောက်တခုကတော့ နယ်စပ်လုံခြုံရေး ကိစ္စပါ။ အောက်တိုဘာလတုန်းက နာမည်ကျော် ‘အော်ပရေးရှင်း ၁၀၂၇’ကို တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေ ဆင်နွှဲဖို့ တရုတ်က မီးစိမ်းပြခဲ့တာကလည်း အဲဒီအကြောင်းတရားကြောင့်ပါပဲ။
ဒီကိစ္စမှာ တရုတ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ထောက်ခံတဲ့ အဓိပ္ပါယ် ဆိုတာထက် နယ်စပ်က ဆိုက်ဘာ လိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းပေးဖို့ ပျက်ကွက်တဲ့အတွက် စစ်တပ်ကို ဒဏ်ခတ်လိုက်တဲ့ သဘောမျိုး ပိုဆန်ပါတယ်။ အဲဒီ ရာဇဝတ် လုပ်ငန်းတွေဟာ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်က ယူဆပါတယ်။
တိုင်းရင်းသား မဟာမိတ် တပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခွင့် ပြုလိုက်တဲ့ ကိစ္စဟာ စစ်တပ်ကို တရုတ်က ခပ်ဆတ်ဆတ် တချက်လောက် ရိုက်ပြလိုက်တာနဲ့ တူပါတယ်။ စစ်ရေးအရှိန် မြင့်တက်လာလို့ တိုင်းရင်းသား တပ်ဖွဲ့တွေက ထိန်းချုပ် နယ်မြေတွေ ချဲ့ထွင်ဖို့ ကြိုးစားလာချိန်မှာ တရုတ်က ကြားဝင် ဟန့်တားတာတွေ လုပ်လေ့ ရှိပြန်ပါတယ်။ ဥပမာ ဧပြီလတုန်းက ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ထိုးစစ် အရှိန်ကို သိသိသာသာ မြှင့်တင်လာတဲ့အခါ တရုတ်က နယ်စပ်နားမှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ရင်း ဟန့်ပြခဲ့ပါတယ်။
ဒီတော့ မေးခွန်းထုတ်စရာ ဖြစ်လာတာက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ မဟာဗျူဟာ အခင်းအကျင်းက ဘယ်လိုပါလဲ။
တရုတ်က တခြားပြည်ပ အင်အားစုတွေနဲ့ ခပ်ကင်းကင်း ရှိချင်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပနိုင်မှသာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းရော၊ စစ်တပ် အတွက်ပါ တခုတည်းသော ထွက်ပေါက်ကို ရရှိစေမယ်လို့ ယူဆထားတယ်။
၂၀၂၅ မှာ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကျင်းပမယ်ဆိုတဲ့ စစ်တပ်ရဲ့ ကြေညာချက်ဟာ တရုတ်ရဲ့အကြိုက် ဖြစ်ပါတယ်။ ဆယ်စုနှစ် ၇ ခုကြာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ မြန်မာ့ နိုင်ငံရေးမှာ စစ်တပ်ကို ဖယ်ထုတ်လို့ မရနိုင်ဘူးဆိုတဲ့ စိတ်မသက်သာစရာ အမြင်မျိုးကို တရုတ်က အတည်မှတ်ယူထားပါတယ်။ ဒီတော့ စေ့စပ်ညှိနှိုင်းမှုတွေ ပိုပြီး အလားအလာ ကောင်းလာစေချင်ရင် မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အလွန် ကာလမျိုးဆီ ဦးတည်နိုင်ဖို့ လိုပါတယ်။
အဲဒီအတွက် ရှေ့ပြေးနိမိတ်ပုံ တချို့လည်း ရှိခဲ့ဖူးပါတယ်။ အရပ်သားတပိုင်း အစိုးရလို့ သတ်မှတ်ခံရတဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစုအဖွဲ့ဟာ ၂၀၁၁ ကနေ ၂၀၁၆ ထိ တာဝန်ယူခဲ့ဖူးပါတယ်။ စစ်တပ်က ခြယ်လှယ်ထားတဲ့ ရွေးကောက်ပွဲ တခုကနေ အာဏာရလာတဲ့ အစိုးရ ဖြစ်ပေမယ့် ဦးသိန်းစိန် လက်ထက်မှာ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို လက်တွေ့ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု (NCA)အတွက် ဦးဆောင်ပေးခဲ့ဖူးတယ်။ NCAဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား ကြုံဖူးသမျှ အထိရောက်ဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအဖြစ် ယူဆလို့ ရနိုင်ကောင်းပါတယ်။
အာဏာသိမ်း စစ်တပ်က ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ နောက်ကွယ်မှာ ခြယ်လှယ်မှုတွေ မပါဘဲ အင်မတန် တရားမျှတပါလိမ့်မယ် ဆိုတာမျိုး တရုတ်ကလည်း စိတ်ကူးယဉ်ထားမှာ မဟုတ်ပါဘူး။ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ မပါဝင်နိုင်တာမျိုး၊ လွတ်လပ်မှု ကင်းမဲ့ပြီး မမျှတတာမျိုးတွေ သေချာပေါက် ကြုံရပါလိမ့်မယ်။ တရုတ်ရဲ့ အမြင်မှာတော့ မကျက်တကျက် ရွေးကောက်ပွဲ ဆိုတာကလည်း လုံးဝ ရွေးကောက်ပွဲ မကျင်းပနိုင်တာထက်တော့ သာလိမ့်မယ်လို့ လက်ခံထားပါတယ်။ မရိုးသားတဲ့ ရွေးကောက်ပွဲ တခုဟာ လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ မတိုးသာ မဆုတ်သာ စစ်ရေး အခြေအနေတွေထက်တော့ ပိုကောင်းတယ်လို့ တရုတ်က ယူဆမှာပါ။
တရုတ် လိုချင်တာကတော့ တည်ငြိမ်တဲ့ မြန်မာနိုင်ငံပါ။ ဘယ်လိုနည်းလမ်းနဲ့ ငြိမ်ဝပ်ပိပြားအောင် လုပ်ထားတယ် ဆိုတာက အရေးမကြီးပါဘူး။ တယောက်ယောက်က တရုတ်ဟာ ပြည်သူတွေကို ထောက်ခံသင့်တယ်လို့ ဝင်ပြောရင် တရုတ်ကလည်း ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရလာပြီး ကတည်းက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်နဲ့ မကင်းတဲ့ အခိုက်အတန့် လုံးဝ မရှိခဲ့ဘူး ဆိုတဲ့စကားနဲ့ သေချာပေါက် တန်ပြန်ပါလိမ့်မယ်။ လက်ရှိ ကာလမှာလည်း အဲဒီ အခြေအနေက မပြောင်းသေးဘူးလို့ တရုတ်က ရှုမြင်ပါတယ်။
လွတ်လပ်ရေးရပြီး နိုင်ငံ စတင်ထူထောင်ချိန် ကတည်းက မြန်မာဟာ ရှုပ်ထွေးမှုတွေ၊ အစီအစဉ် လွဲချော်မှုတွေ၊ ပဋိပက္ခတွေ လွှမ်းခြုံနေတဲ့ အခြေခံ ဖောင်ဒေးရှင်းမျိုး ရှိခဲ့ပါတယ်။ လူများစု ဗမာတွေနဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေကြားက စစ်ပွဲတွေ၊ အာဏာရှင် စစ်တပ်နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကြားက ပြိုင်ဆိုင်မှုတွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာခြားတွေကြားက အမြင်ကွဲမှုတွေ အမျိုးစုံပါပဲ။
တရုတ်ရဲ့ အမြင်မှာတော့ မြန်မာနိုင်ငံဟာ အဲဒီပုံရိပ်ကနေ ထူးမခြားနား ကွဲထွက်လာတာမျိုး မရှိဘဲ လိမ်ဖယ်လိမ်ဖယ် ရှေ့ဆက်နေဦးမယ် ဆိုတာမျိုးပါ။ အဲဒီ အတွေးကပဲ တနေ့နေ့မှာ တရုတ်ဟာ အိပ်မက်က လန့်နိုးလာပြီး စစ်တပ်ကို ဖယ်ရှားပစ်မယ်လို့ စိတ်ကူးယဉ်နေတဲ့ တချို့သော လေ့လာသူတွေနဲ့ ပညာရှင်တွေအတွက် လက်တွေ့ကျတဲ့ အရှိတရား ဆန်းစစ်မှုတခု ဖြစ်လာပါလိမ့်မယ်။
(Nikkei Asia၏ China will not give up on Myanmar’s militaryကို DNAက ဘာသာပြန်ဆိုသည်)