မတူပီမြို့ကို ချင်းညီနောင် ပူးပေါင်းတပ် ထိုးစစ်ဆင်နေ

ဇွန် ၊ ၁၄

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၃ ရက်၊ မနေ့က ထုတ်ပြန်အသိပေး လာ ပါတယ်။

“မတူပီနယ်‌မြေအတွင်းတွင် စစ်ကောင်စီကင်းစင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး လက်ရှိတွင် တိုက် ပွဲပြင်းထန်လျက်ရှိပါသည်” လို့ ချင်းညီနောင်ရဲ့ သ တင်း၊ မှတ်တမ်းနဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက စတင်ထိုးစစ် ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ငါးရက်အကြာ ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေဆဲပဲလို့ သိရပါတယ်။

မင်းတပ်-ဟားခါး ကားလမ်းပေါ်မှာရှိတဲ့ မတူပီမြို့ မှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) ၃၀၄၊ ၁၄၀ နဲ့ စစ်ဗျူဟာတခုအခြေစိုက်ထားတယ်လို့ သိရပါတယ်။

လက်ရှိတိုက်ပွဲအတွင်းမှာတော့ မတူပီမြို့ပေါ်ရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ချင်းတော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းထွက် နေပေမယ့် အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ချင်းညီနောင် သတင်း၊ မှတ်တမ်းနဲ့ ပြန်ကြားရေးအဖွဲ့ တာ ဝန်ရှိသူက အတည်ပြုပေးတာတော့ မရှိသေးပါဘူး။

ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တီးတိန်မြို့ကို လည်း မေလ နောက်ဆုံးပတ်ကတည်းက ချင်းညီ နောင်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခုထိ နှစ် ဖက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

လက်ရှိ မတူပီတိုက်ပွဲမှာတော့ အဖွဲ့ဝင် ခြောက်ဖွဲ့ပါ ချင်းညီနောင်နဲ့အတူ Yaw Army အပါအဝင် တခြား မဟာမိတ်တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အလားတူပဲ ကန်ပက်လက်မြို့နယ်ထဲမှာရှိတဲ့ ကျင် ဒွေးမြို့ကိုလည်း အာရက္ခတပ်တော်(AA) အပါအဝင် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ချင်းညီနောင်က နှစ်လနီးပါးကြာ ထိုးစစ်ဆင်ပြီးနောက်  ဧပြီ ၃၀ ရက်မှာ သိမ်းပိုက်ရရှိထားပါတယ်။

မတူပီမြို့ခံအများစုကတော့ အခုလို တိုက်ပွဲမဖြစ် ခင်ကတည်းက ဘေးလွတ်ရာတိမ်း ရှောင်နေကြ ပေမယ့် ပိတ်မိနေသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ “မင်းတပ်ဘက် ရှောင်လာကြသူတွေလည်း ရှိလိမ့်မယ်” လို့ မင်းတပ်ဒေသခံတဦးက ပြောပါတယ်။

မြို့ပေါင်း ၁၉ မြို့ရှိတဲ့ ချင်းပြည်နယ်ထဲမှာ မြို့ ၁၂ မြို့ထက်မနည်း ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ပြီး မြို့တော် ဟားခါး၊ ကန်ပက်လက်၊ ဖလမ်း၊ မင်းတပ်နဲ့ ထန်တလန်တို့လို မြို့ကြီးတွေကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

မတူပီမြို့မြောက်ဘက် ၉ မိုင်ခန့်အကွာ ငလိုင်ရွာနဲ့ ဖနိုင်ရွာကြားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုတော့ မေလ ၃၀ ရက်ကတည်းက ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF)-မတူပီက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။