နိမိတ်မကောင်းလို့ဆိုကာ မြို့အမည်ပြင်ဆင်အပြီးတနှစ်ကျော်အကြာမှာ “ကန်ပိုက်တီ”မြို့ကိုစစ်ကောင်စီ လက်လွှတ်ရ

Photo – စစ်ကောင်စီ

ဇွန်၊ ၁၁

တရုတ်ဘာသာဝေါဟာရ အရ နိမိတ်မကောင်းတဲ့ အဓိပ္ပါယ်ထွက်နေတယ်လို့ဆိုကာ စစ်ကောင်စီက မြို့အမည်ပြင် ဆင်သတ်မှတ်ခဲ့တဲ့ “ကန်ပိုက်တီ”မြို့ကို ဒီကနေ့ ညနေပိုင်းမှာ ကချင် လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ကချင်စစ်ရေးသတင်း ရင်းမြစ်တဦးက DNAကိုအတည်ပြုပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ဆဒုံးဗျူဟာကုန်းအပါအဝင် ဝိုင်းမော်- ကန်ပိုက်တီ လမ်းပေါ်က စစ်ကောင်စီစခန်းအားလုံးကို ဒီကနေ့ညနေပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တဲ့နောက် နောက်ဆုံးကျန်နေတဲ့ ကန် ပိုက်တီ စခန်းကိုလည်း ဆက်လက်သိမ်းပိုက်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဒါပေမယ့် မြို့ကို KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

တရုတ်-မြန်မာနယ်စပ်မြို့တမြို့ဖြစ်ပြီး ကုန်သွယ်ရေးစခန်းလည်းရှိတဲ့ အဲ့ဒီမြို့ကို အရင်က “ကန်ပိုက်တီ”မြို့လို့ တ ရားဝင် သတ်မှတ်သုံးစွဲခဲ့ပေမယ့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်းကတော့ “ကံပိုင်တည်”မြို့အဖြစ် ပြောင်းလဲသုံး စွဲဖို့ စစ်ကောင်စီကပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

မူလအမည်ဟာ တရုတ်ဘာသာအရ “ခြောက်သွေ့ပျက်စီးတဲ့နေရာ”ဆိုပြီး အဓိပ္ပါယ်ရနေတာကြောင့် မြန်မာဝေါ ဟာရအရကံကောင်း ခြင်း၊ပြည်ထောင်စုပိုင်ဆိုင်ခြင်း၊တည်ငြိမ်ခြင်း၊တည်တံ့ခြင်းအဓိပ္ပါယ်တွေပါဝင်တဲ့မြို့ အမည် ဖြစ်အောင်ဆိုပြီး မြို့အမည်ပြင်ဆင်တာလို့ စစ်ကောင်စီကဖော်ပြခဲ့ပါတယ်။

ဒီလိုအမည်ပြောင်းလဲသုံးစွဲဖို့ကို ကချင်ပြည်နယ်အခြေစိုက် NDAK ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တင်ပြခဲ့တာလို့လည်း စစ်ကောင်စီကဆိုပါတယ်။မြို့အမည်ပြောင်းလဲသတ်မှတ်ခဲ့တဲ့နောက် ကံပိုင်တည် မြို့ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နယ်စပ်မြို့တမြို့ဖြစ်လာတော့မယ်လို့လည်း စစ်ကောင်စီကကြွေးကြော်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ရက်မှာ စစ်ကောင်စီတပ်ကိုထိုးစစ်တွေစတင်ခဲ့တဲ့နောက် တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်း ရှိရာ လွယ်ဂျယ်မြို့ကိုသိမ်းယူနိုင်ခဲ့တဲ့ KIA ပူးပေါင်းတပ်တွေအနေနဲ့ နောက်ထပ် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မြို့တမြို့ကို ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတာနဲ့ KIA ရဲ့ ထိုး စစ်အတွင်း သိမ်းယူခံရတာတွေကြောင့် ကန်ပိုက်တည်မြို့ဟာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တဲ့ တခုတည်း သောတရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာမြို့လည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ အဲ့ဒီ ကုန်သွယ်ရေးစခန်းကနေ ပြီးခဲ့တဲ့မေလ တလတည်းအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၂၈သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၁သန်းကျော် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်းလေးဆယ် ကျော်ရှိ ခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မေလ တလတည်းအတွင်း ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း စုစု ပေါင်း ၂၄ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။